ပူတာအို ဧပြီ ၂၆
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် လူငယ်များ စိတ်ကိုပြောင်းလဲစေသော မူးယစ်ဆေးဝါးများကို ရှောင်ရှားတတ်စေရန်၊ လူငယ်ထုများ အားကစားကို စိတ်ပါဝင်စားပြီး အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်လိုသော အလေ့အထများ ကိန်းအောင်းလာစေရန် ရည်ရွယ်၍ ၂၀၂၆-ခုနှစ် မြို့နယ်ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌဖလား အမျိုးသား/ အမျိုးသမီး (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲအခမ်းအနားကို ဧပြီ (၂၅) ရက် မွန်းလွဲ (၂) နာရီက ပူတာအိုခရိုင် ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွန်းက အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်းဒုတိယဥက္ကဋ္ဌ ဦးဖုန်ရိမင်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားကာ မြို့နယ်ရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးဒခွမ်ဇိန်က ပြိုင်ပွဲတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွန်းက ပြိုင်ပွဲအတွက် အလှူငွေ ကျပ်ငါးသိန်းကိုလည်းကောင်း၊ အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးဂျာလီရဲ့နှင့် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးရားနီတို့က ပြိုင်ပွဲအတွက် ကျပ်တစ်သိန်းစီကိုလည်းကောင်း၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန ခရိုင်တာဝန်ခံ ဒေါ်ခင်မိုးသဲက အားကစားပစ္စည်းများကိုလည်းကောင်း ပြိုင်ပွဲကျင်းပရေးကော်မတီထံ ပေးအပ်လှူဒါန်းကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ လွတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းများမှ တာဝန်ရှိသူများက အားကစားအသင်းများအား လိုက်လံနူတ်ဆက်ကြသည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ လွတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းများမှ တာဝန်ရှိသူများနှင့်ဘောလုံးဝါသနာရှင် မိဘပြည်သူများက ကွင်းဖွင့်ပွဲအနေဖြင့် ဇီးအွန် (FC) ဘောလုံးအသင်းနှင့်ဂါးထု (FC)ဘောလုံးအသင်းတို့ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြရာ ဂါးထု (FC) ဘောလုံးအသင်းက ဇီးအွန် (FC) ဘောလုံးအသင်းကို လေးကိုးတစ်ကိုးဖြင့် အနိုင်ရရှိသည်။
အဆိုပါပြိုင်ပွဲသို့ ပူတာအိုမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အမျိုးသားဘောလုံးအသင်းပေါင်း (၁၂) သင်း၊ အမျိုးသမီးဘောလုံးအသင်းပေါင်း (၄) သင်းတို့က ဧပြီ (၂၅) ရက်မှ မေလ (၉) ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)