မြစ်ကြီးနား ဧပြီ ၂၆
ကချင်ပြည်နယ်အတွင်း ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ် ဒေသခံကော်မတီအဖွဲ့ဝင်များအနေဖြင့် ရေအားလျှပ်စစ်စီမံကိန်းနှင့်ပတ်သက်၍ ၁၄ ကြိမ်မြောက်အဖြစ် ဒေသခံပြည်သူလူထုများအား တွေ့ဆုံရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ တွေ့ဆုံရှင်းလင်းဆွေးနွေးပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ကချင်ပြည်နယ်ဒေသခံကော်မတီအဖွဲ့ဝင်များနှင့် Working Group အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီများ၊ အစ္စလာမ်၊ ဟိန္ဒူ၊ ဂေါ်ရခါး၊ ဆစ်ဘာသာရေးအဖွဲ့ဝင်များ၊ သူနာပြုနှင့် ပညာရေးဒီဂရီကောလိပ်ကျောင်းများမှ သင်တန်းသား/သင်တန်းသူများ စုစုပေါင်း အင်အား (၇၆၀)ကျော် တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့တွေ့ဆုံပွဲသည် မိမိတို့ဒေသတွင်း လျှပ်စစ်မီး လိုအပ်ချက်နှင့် ဒေသဖွံ့ဖြိုးရေးအတွက် အရေးပါသည့် တွေ့ဆုံမှုပင်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ၁၄ ကြိမ်မြောက်ပြုလုပ်သည့် တွေ့ဆုံပွဲဖြစ်ပြီး တွေ့ဆုံပွဲများမှတစ်ဆင့် လူထူသိလိုသည်မျာကိုလည်း အလေးအနက်ထား မှတ်သား၍ တင်ပြဆောင်ရွက်လျက်ရှိပါကြောင်း၊ နောင်လာမည့် မျိုးဆက်သစ်များ လက်ထက်တွင် ပိုမိုကောင်းမွန်သည့် အခွင့်အလမ်းများ ရရှိနိုင်မည့် စီမံကိန်းဖြစ်သည့်အတွက် မိမိတို့အားလုံးက ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ် ဒေသခံကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာအောင်ဝင်း၊ ဦးတူးရိန်၊ ဦးမုန်ရိန်လ၊ ဦးနော်ထွဲနှင့် ဦးဂျန်ခုန့်(ခ)ဦးနော်ခုန့်တို့က မြစ်ဆုံစီမံကိန်းနှင့်စပ်လျဉ်း၍ ပြည်သူလူထုသိသင့်/သိထိုက်သည့် အချက်များ၊ နည်းပညာဆိုင်ရာအချက်အလက်များ၊ ကမ္ဘာ့ပေါ်ရှိ ရေအားလျှပ်စစ်အသုံးပြုသည့် နိုင်ငံများနှင့် ဖွံ့ဖြိုးတိုးတက်မှုများ၊ အနာဂတ်နည်းပညာဖွံ့ဖြိုးတိုးတက်မှုနှင့် စွမ်းအင်လိုအပ်ချက်များ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သုံးသပ်ဆွေးနွေးတင်ပြမှုများကို ပါဝါ ပွိုင့်များဖြင့် အသီးသီးရှင်းလင်းဆွေးနွေးတင်ပြကြရာ တက်ရောက်လာကြသည့် ဒေသခံပြည်သူများက စီမံကိန်းနှင့်စပ်လျဉ်း၍ စိုးရိမ်ပူပန်မှုနှင့် နည်းပညာဆိုင်ရာ အချက်အလက်များ၊ သိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ဒေသခံကော်မတီအဖွဲ့ဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြပြီး ကော်မတီအဖွဲ့ ခေါင်းဆောင် ဦးတိန့်ဆောင်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)