မဘိမ်း ဇန်နဝါရီ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများနှင့် ပြင်ဆင်သည့်ဥပဒေ၊ နည်းဥပဒေများ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲအချိန်ခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်နှင့် ဒုတိယမြို့နယ် အုပ်ချုပ် ရေးမှူး ဦးညိမ်းသူအောင်တို့က ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ် ပြန်လည်ရွေးချယ် ဆောင်ရွက် သွားနိုင်ရေးအတွက် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများနှင့် အသစ်ပြင်ဆင်ပြဋ္ဌာန်းခဲ့သည့် ဥပဒေ၊ နည်းဥပဒေများအား ပါဝါပွိုင့်ဖြင့် ရှင်းလင်းဆွေးနွေး တင်ပြခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက သိရှိလိုသည်များကို ဆွေးနွေးတင်ပြ မေးမြန်းခဲ့ကြသည်။ မဘိမ်းမြို့နယ်အတွင်း၌ ရပ်ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၆) အုပ်စုရှိ အုပ်ချုပ်ရေးမှူးများ အသစ် ရွေးချယ်ရေးလုပ်ငန်းစဉ်၌ ဌာနဆိုင်ရာ အကြီးအကဲများ ပါဝင်သည့် မြို့နယ်ကြီးကြပ်ရေး အဖွဲ့အား ဇုန်(၆)ဇုန် ခွဲခြားသတ်မှတ်၍ ဇုန်အလိုက် ရပ်ကွက်/ကျေးရွာအုပ်စုများကိုလည်း ဖွဲ့စည်းဆောင်ရွက် ထားပြီးဖြစ် ကြောင်း သိရသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်ရှိန်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ညိုနှင့် ဦးမင်းမင်းသိန်း၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီး အကဲများ၊ ကျေးရွာအုပ်စု(၁၆)အုပ် စုမှ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မျိုးမင်း (ပြန်/ဆက်)