ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ Organic Farm စိုက်ခြံနှင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ် အားပေးစက်ရုံ (၁၀မဂ္ဂဝပ်)အေးသာယာစက်မှုဇုန်အား သွားရောက်ကွင်းဆင်းကြည့်ရှုစစ်ဆေး

တောင်ကြီး          ဧပြီ   ၂၆

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးသည် ပြည်နယ်ဝန်ကြီးများ၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိသူ များနှင့်အတူ ဧပြီ(၂၅)ရက် နံနက်(၉) နာရီက တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်ရှိ ဦးစိုင်းရွက် စိုက်ပျိုးထားသည့် တောင်ကြီးမြို့မှလတ်ဆက်သော Organic Farm စိုက်ပျိုးခြံသို့ သွားရောက်ကွင်းဆင်း ကြည့်ရှုကြကြောင်းသိရသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စိုက်ပျိုးထားသည့် ဖရုံသီးစိုက်ခင်း၊ တရုတ်နံနံပင်စိုက်ခင်း၊ ငရုပ်ပွစိုက်ခင်း၊ Red Cherry Tomato Yellow Cherry Tomato စိုက်ခင်း၊ Cos/Rosmaine (ဆလပ်အမျိုးအစားစိုက်ခင်း)၊ ပြောင်းဖူးဖြူစိုက်ခင်းနှင့် ပျိုးပင်တို့ကိုလှည့်လည့်ကြည့်ရှုရာ စိုက်ပျိုးရေးခြံမှတာဝန်ရှိသူများက ရှင်းလင်းတင်ပြ ကြကြောင်း သိရသည်။

ထို့နောက် တောင်ကြီးမြို့မှ လတ်ဆတ်သည့်စိုက်ပျိုးရေးခြံရှိ ရှင်းလင်းဆောင်တွင် စိုက်ပျိုးရေး စိုက်ခြံတာဝန်ရှိသူတစ်ဦးက V-fresh by Taunggyi Farm စိုက်ပျိုးထွက် ကုန်များနှင့် ဖြန့်ဝေသောစျေးကွက်များနှင့် စပ်လျဥ်း၍ ရှင်းလင်းတင်ပြသည်။

၎င်းနောက် စိုက်ပျိုးထားသောခြံထွက် သီးနှံ၊ ဟင်းရွက်များကို ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးအား ဦးစိုင်းရွက်မှ အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တာဝန်ရှိသူများသည် တောင်ကြီးမြို့နယ်၊ အေးသာယာစက်မှုဇုန်ရှိ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ (၁၀မဂ္ဂဝပ်) တွင် (၅မဂ္ဂဝပ်)ဆိုလာစနစ် လျှပ်စစ်ဓါတ်အားပို့လွှတ်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးရာ UNIENEREY CO.,Ltd မှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ်က လျှပ်စစ်ဓါတ်အားပို့လွှတ်ရာတွင် သတ်မှတ်ထားသည့် မူဝါဒအတိုင်း ဆောင်ရွက်ပေးရန်နှင့် လိုအပ်သည်များကိုဖြည့်စွက်မှာကြားပြီး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် CONTROL ROOM နှင့် ဆိုလာပြားများ တပ်ဆင်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ ကုမ္ပဏီမှတာဝန်ရှိ သူတစ်ဦးက လိုက်လံရှင်းလင်းတင်ပြကြောင်း သိရှိရသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အေးသာယာမြို့အမှတ် (၉)ရပ်ကွက် အေးငြိမ်းသီတာလမ်း မြေမှကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်မည့်နေရာအား သွားရောက်ကြည့်ရှုစစ်ဆေးရာ လုပ်ငန်းများနှင့်စပ်လျဥ်း၍ တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူတစ်ဦးနှင့် ကုမ္ပဏီတာဝန်ရှိတစ်ဦးတို့က ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လမ်းအားရက်(၁၀၀)အတွင်း ဆောင်ရွက်ပေးရန်နှင့် သတ်မှတ်စံချိန်စံညွှန်းအတိုင်း အရည်အသွေးပြည့်မီပြီး ရေရှည်ခိုင်ခန့်သည့် လမ်းဖြစ်အောင် ဆောင်ရွက်ပေးကြရန်လိုအပ်ပါကြောင်း ဖြည့်စွက်မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)