သီပေါ ဧပြီ ၂၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီက မြို့တော်ခန်းတွင် ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၂) အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဝင်းခိုင်၊ သီပေါမဲဆန္ဒနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကောင်းသက်စံ၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် သီပေါမဲဆန္ဒနယ်အမှတ်(၁) ဦးညီညီဇော်၊ သီပေါမဲဆန္ဒနယ်အမှတ်(၂) ဦးသီဟလှိုင်တို့က အသီးသီးနှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ကြကာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဦးလွင်က ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ လက်ရှိဆောင်ရွက်လျက်ရှိသော မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများနှင့် ရက်(၁၀၀)စီမံချက်တွင်ပါဝင်သော ဌာနဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ လမ်းဦးစီးဌာန၊ မြို့နယ်လျှပ်စစ်ဓာတ်အားပေးလုပ်ငန်း၊ မီးသတ်ဦးစီးဌာန၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးဌာနများမှ တာဝန်ရှိသူများနှင့် ရပ်ကွက်၊ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများက လုပ်ငန်းဆောင်ရွက်နေမှုများနှင့် လိုအပ်ချက်များကို အသီးသီးတင်ပြဆွေးနွေး ခဲ့ကြကာ လွှတ်တော်ကိုယ်စားလှယ်များက အပြန်အလှန်ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ယင်းနောက် မြို့နယ်ပြည်သူ့ဆေးရုံ၊ ဆိုလာစနစ်ဖြင့်ရေပေးဝေရေးလုပ်ငန်းဆောင်ရွက်ရန်လျာထားသည့်နေရာ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊လျှပ်စစ်ဓာတ်အားခွဲရုံနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးများသို့ လွှတ်တော် ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီထံမှ သိရသည်။
(မြို့နယ် ပြန်/ဆက်)