မြစ်သား ဧပြီ ၂၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ညောင်ဝန်းကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဝိစိတ္တသည် ကျောင်းသား၊ ကောင်းသူများ လူတော်လူကောင်းများဖြစ်စေရန်၊ ရတနာသုံးပါးကို ကြည်ညိုကိုင်းရှိုင်းတတ်စေရန်၊ အနန္တောအနန္တငါးပါး၏ ဂုဏ်ကျေးဇူးတို့ကို သိတတ်စေရန်၊ စိတ်ထားနူးညံ့စေရန်၊ ပိုမိုယဉ်ကျေး လိမ္မာလာသော ကျောင်းသား၊ ကောင်းသူများဖြစ်စေရန် ရည်ရွယ်၍ မတ် (၁၂)ရက်နေ့မှ ဧပြီ (၁၂)ရက်နေ့အထိ တစ်လအကြာ နွေရာသီယဉ်ကျေးလိမ္မာသင်တန်းပြီးဆုံး၍ ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၇)နာရီအချိန်က ညောင်ဝန်းကျေးရွာရှိ ညောင်ဝန်းဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဆုချီးမြှင့်ပွဲအခမ်းအနားကို တက်ရောက်လာကြသူများက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ကာ ညောင်ဝန်းကျောင်း ထိုင်ဆရာတော်ဘဒ္ဒန္တဝိစိတ္တက သြဝါဒစကားမိန့် ကြားခဲ့သည်။ ဆက်လက်၍ နွေရာသီယဉ်ကျေးလိမ္မာသင်တန်းတွင် အကြီးတန်းနှင့် အငယ်တန်း စာမေးပွဲများတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူ (၃၂)ဦးအား ပထမဆု တစ်သိန်းကျပ်၊ ဒုတိယဆု ရှစ်သောင်းကျပ်၊ တတိယဆု ငါးသောင်းကျပ်၊ အထူးဆု နှစ်သောင်းကျပ်၊ ရိုးရိုးအောင် တစ်သောင်းကျပ်များကို သံဃာတော်များနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။ ညောင်ဝန်းကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဝိစိတ္တသည် ယဉ်ကျေးလိမ္မာသင်တန်း ဆုချီးမြှင့်ပွဲအတွက် ပါဝင်ကူညီလှူဒါန်းကြသည့် အလှူရှင်များအတွက် လှူဒါန်းမှုအစုစုတို့ကို ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဝါဝါမြင့်(မြစ်သား)