ပထမအကြိမ် ၃၈ ဖြာမင်္ဂလာ နွေရာသီယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲနှင့် သင်ထောက်ကူစာအုပ်များ ပေးအပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပ

လှိုင်သာယာ(အနောက်) ဧပြီ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ အလယ်ရွာ၊ အောင်တော်မူပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော်ကြီး၏ ဩဝါဒကိုခံယူ၍ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ (YMBA) ဗုဒ္ဓဘာသာကလျာဏဇယုဝအသင်းမှ ဦးဆောင်လျက် ကျောင်းသား/ကျောင်းသူများ လိမ္မာယဉ်ကျေးပြီး အမျိုးဘာသာသာသနာ စောင့်ထိန်းနိုင်စေရန်ရည်ရွယ်၍ ပထမအကြိမ် (၃၈)ဖြာမင်္ဂလာ နွေရာသီယဉ်ကျေးလိမ္မာသင်တန်းနှင့် သင်ထောက်ကူစာအုပ်များ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အလယ်ရွာ၊ အောင်တော်မူပရိယတ္တိစာသင်တိုက်၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်လုံးဆိုင်ရာ ရွှေကျင်ဥက္ကဋ္ဌဆရာတော် သဒ္ဓမ္မသိဒ္ဓိပရိယတ္တိစာတိုက်ဆရာတော်၊ အောင်တော်မူပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာန နာယကဆရာတော်နှင့် ပင့်သံဃာတော်များ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်း၊ မြို့နယ်ဌာဆိုင်ရာတာဝန်ရှိသူများ (YMBA) ဗုဒ္ဓဘာသာကလျာဏယုဝအသင်း ဥက္ကဋ္ဌနှင့် အသင်းဝင်းများ ရပ်/ကျေးအုပ်ချုပ်ရေးတာဝန်ရှိသူများ ဖိတ်ကြားထားသည့် အလှူရှင်များကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ အခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး ရွှေကျင်ဥက္ကဋ္ဌဆရာတော်ကြီးက ဩဝါဒကထာမြွက်ကြားခြင်းကို ခံယူကာ ငါးပါးသီလခံယူကြသည်။

ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးမင်းမင်းက အဖွင့်အမှာစကားပြောကြားခြင်း (YMBA)အသင်းဥက္ကဋ္ဌ ဦးချစ်ကိုကိုက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် ကျေးဇူးတင်စကား ပြောကြားသည်။

ယင်းနောက် သင်တန်း၏ သင်ထောက်ကူပြုစာအုပ်များနှင့် သင်ထောက်ကူပြုပစ္စည်များကို‌ အလှူရှင်များကပေးအပ်ကြသည်။ သင်တန်းကို ၂၅-၄-၂၀၂၆ နေ့မှ ၄-၅-၂၀၂၆ နေ့ထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)