ကျိုင်းလပ် ဧပြီ ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းလပ်မြို့၌ ဒေသခံတောင်သူများ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများတွင် စနစ်တကျ ပြန်လည်အသုံးချတတ်စေရန်ရည်ရွယ်၍ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးပွဲ (ခရိုင်အဆင့်)ကို ဧပြီ ၂၅ ရက် နံနက်ပိုင်းက နမ်ခင်းကျေးရွာအုပ်စု၊ ဝမ်တုံကျေးရွာ ဝမ်တုံရှမ်းဘုန်း ကြီးကျောင်းဝန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တာချီလိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးလွှမ်းမိုးထက်က "စုပေါင်းကာကွယ် မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ခရိုင်သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းနိုင်-၃က "ရာသီဥတုပြောင်းလဲမှု တောမီးနှင့် မီးခိုးမြူငွေ့လျှော့ချရေး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာနများမှ အော်ဂဲနစ်(Organic) စိုက်ပျိုးရေးအကြောင်းနှင့် လယ်ယာထွက်စွန့်ပစ်ပစ္စည်းမျာ မီးမရှို့ဘဲ စိုက်ပျိုးရေးနှင့် မွေးမြူးရေးလုပ်ငန်းများတွင် စနစ်တကျ ပြန်လည်အသုံးပြုရေးကိုလည်းကောင်း၊ တာချီလိတ်ခရိုင် မီးသတ်ဦးစီးဌာနနှင့် မြေစာရင်းဦးစီးဌာနမှ တာဝန်ရှိသူများက ဌာနအလိုက် အသီးသီးဆွေးနွေးပို့ချခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသော ဒေသခံပြည်သူသူများက သိလိုသည်များကို မေးမြန်းရာ ပြည်သူများ၏ ဆွေးနွေးချက်များအပေါ် သက်ဆိုင်ရာဌာနများက ပြန်လည် ဖြေကြားပြီး ကျိုင်းလပ်မြို့အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးထွေးက "တောင်ယာခုတ်ထွင်မီးရှို့ခြင်း၊ ရိုးပြတ်များ မီးရှို့ခြင်းနှင့် တောမီးရှို့ခြင်းကြောင့် ထိခိုက်နိုင်မှုများ ပုံစံ(၁)နှင့် တောမီးလောင်ကျွမ်းမှုမရှိစေရေး သတိပြုရန် ပုံစံ(၂)" ဗီနိုင်းပိုစတာအား ဝမ်တုံကျေးရွာ အုပ်ချုပ်ရေးမှူးထံသို့ ပေးအပ်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ နမ်ခင်းကျေးရွာအုပ်စုရှိ ကျေးရွာများမှ ရှမ်း၊ အာခါ၊ လားဟူ ဒေသခံပြည်သူများ တက်ရောက်ခဲ့ပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက မြန်မာ၊ ရှမ်း၊ လားဟူ၊ အာခါ ဘာသာများဖြင့် ထုတ်ဝေထားသော မီးခိုမြူငွေ့ ညစ်ညမ်းမှုဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင် ၁၃၀ ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)