သထုံ ဇန်နဝါရီ ၁၅
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ကျေးလက်ဒေသများတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်းဆောင်ရွက်မည့် သန့်ရှင်းသော သောက်သုံးရေရရှိရေး လုပ်ငန်းများ မိတ်ဆက်ရှင်းလင်းပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၅ ရက်၊ နံနက်က သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ မြိုနယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးရုံး ခန်းမ၌ ပြုလုပ်သည်။
မိတ်ဆက်ရှင်းလင်းပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မာမာခိုင်က အမှာစကား ပြောကြားပြီး ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမိုးဝင်းက ရေရရှိရေးလုပ်ငန်းဆောင်ရွက်မည့် တင်ဒါအောင်ကုမ္ပဏီများ လိုက်နာရမည့် အချက်များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်ဦးက လုပ်ငန်းများဆောင်ရွက်ပေးရသည့်ရည်ရွယ်ချက်တို့ကို ရှင်းလင်း ပြောကြားကာ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာရေပေးရေးကော်မတီများ နှင့် တင်ဒါအောင်ကုမ္ပဏီတို့မှ တာဝန်ရှိသူတို့အားမိတ်ဆက်ပေးကာ ကျေးရွာအလိုက် လုပ်ငန်း ဆောင်ရွက်မည့်အခြေအနေများကို ချပြရှင်းလင်းခဲ့သည်။
သထုံမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း လက်တူးတွင်း၊ တွင်းတိမ်နှင့် အခြားစသည့် သန့်ရှင်းသောသောက်သုံးရေရရှိရေး လုပ်ငန်းပေါင်း ၁၂ ခုကို ခွင့်ပြုရန်ပုံငွေ ကျပ်သန်းပေါင်း ၁၁၀ ကျော်ဖြင့် ကျေးရွာပေါင်း ၁၂ ရွာ၌ တင်ဒါအောင်ကုမ္ပဏီ ၅ ခုတို့က ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
သက်ဦး(သထုံ)