မိုးညှင်းမြို့နယ် ဟဲလုံခေတ်မီစံပြကျေးရွာ၌ ရက်(၁၀၀)စီမံချက်ဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ဘောင်ဖြင့် သဲကျောက်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

မိုးညှင်း ဧပြီ ၂၅

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နိုင်ငံတော်အစိုးရသစ်၏ ပထမရက်(၁၀၀)စီမံချက်ဖြစ်သည့် ပြည်ထောင်စုဘဏ္ဍာ အထွေထွေပိုလျှံရန်ပုံငွေ (GRF) ဒုတိယအကြိမ် Quick Win အစီအစဉ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ဟဲလုံခေတ်မီစံပြကျေးရွာတွင်းလမ်း ကွန်ကရစ်ဘောင်ဖြင့် သဲကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ယနေ့နံနက် (၁၀)နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမြသိန်းဝင်း ဦးဆောင်သည့် မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်နှင့် တာဝန်ရှိသူများက ယခုဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာ အထွေထွေပိုလျှံရန်ပုံငွေ (GRF) ဒုတိယအကြိမ် Quick Win အစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသော ဟဲလုံခေတ်မီစံပြကျေးရွာတွင်းလမ်း ကွန်ကရစ်ဘောင်ဖြင့် သဲကျောက်ခင်းခြင်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို လိုက်လံစစ်ဆေးကြရာ ခရိုင်ဦးစီးမှူးက အဆိုပါလုပ်ငန်းအား သတ်မှတ်ချိန်ကာလအတွင်း အလျဉ်အမြန် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးနိုင်ရေးနှင့် သတ်မှတ်စံချိန်စံညွှန်းများအတိုင်း အရည်အသွေးပြည့်မီစွာ ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးပြောကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာတွင်းလမ်းသည် အရှည် (၁၈၃၀)ပေ၊ အကျယ် (၁၂)ပေနှင့် အမြင့် (၆)လက်မရှိ ကွန်ကရစ်ဘောင်ဖြင့် သဲကျောက်ခင်းခြင်းနှင့် ရေပြွန်နှစ်စင်း စသည့်လုပ်ငန်းများကို ယခုဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာအထွေထွေပိုလျှံရန်ပုံငွေ (GRF) ကျပ်သန်း (၁၃၇) ဒဿမ (၂၀၂)ဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စီမံဆောင်ရွက်လျက်ရှိပြီး အဆိုပါလုပ်ငန်းကို ဧပြီလဒုတိယပတ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် လုပ်ငန်း (၇၀)ရာခိုင်နှုန်းထိ ပြီးစီးပြီဖြစ်ကြောင်းနှင့် ၎င်းလမ်းအားဆောင်ရွက်ပြီးစီးပါက ကျေးရွာနေပြည်သူများအတွက် များစွာအကျိုးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေမိုးညှင်း