ပင်လုံမြို့ အမှတ် (၂) ဝန်တင်တပ်ရင်းနှင့် အမှတ်(၅၁၃) ခြေမြန်တပ်ရင်းတို့၌ မီးဘေးအန္တရာယ် သတိပြုကာကွယ်ရန် မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောခြင်းနှင့် ဇာတ်တိုက်လက်တွေ့သရုပ်ပြသခြင်း ဆောင်ရွက်

ပင်လုံ ဧပြီ ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ အမှတ်(၂)ဝန်တင်တပ်ရင်းနှင့် အမှတ်(၅၁၃) ခြေမြန်တပ်ရင်းတို့၌ မီးသတ်ဦးစီးမှူး ဦးရဲအောင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့မှ မီးဘေးလုံခြုံရေး ဟောပြောခြင်းနှင့် ဇာတ်တိုက်သရုပ်ပြသခြင်းကို လက်တွေ့လေ့ကျင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် လွိုင်လင်တပ်နယ်မှူး ဗိုလ်မှူးချုပ် သန်းထွန်းအောင်က အမှာစကား ပြောကြားပြီး ပင်လုံ​​မြို့မီးသတ်ဦးစီးမှူး ဦးရဲအောင်က တက်ရောက်လာကြသော အရာရှိ/အရာခံစစ်သည်များနှင့် အိမ်ထောင်သည်ရဲမေများအား၊ မီးလောင်မှုမဖြစ်ပွားစေရန်၊ ဆုံးရှုံးမှုတန်ဖိုး လျော့နည်းစေရန်အတွက် မီးလောင်မှု၊မီးလန့်မှုများနှင့် ရင်ဆိုင်ကြုံတွေ့ရပါက ကြောက်လန့်ပြီး ပစ်မသွားပဲ စိတ်ကိုတည်ငြိမ်စွာထား၍ လက်ဦးမီးငြှိမ်းသတ်တတ်စေရန်၊ ကနဦးမီးလောင်မှုမှာ မီးသေး၊ မီးမွှားသာဖြစ်၍ တည်ငြိမ်စွာရင်ဆိုင်ငြှိမ်းသတ်တတ်စေရန်၊ မီးလောင်၊ မီးလောင်မှုကြီးဖြစ်ပွားမှုမှ ကာကွယ်တားဆီးတတ်စေရန်၊ မီးလောင်မှုကြီးထွားပါက မိမိဝန်းကျင်အား အော်ဟစ်အကူအညီတောင်း၍ မီးသတ်ဦးစီးဌာနသို့ တိကျစွာ ဆက်သွယ်အကူအညီတောင်းရန် ဟော​ပြော၍ မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ်ကြုံတွေ့လာပါက မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နည်းများ၊ ရေစိုဝတ်ဖြင့်အုပ်၍ မီးငြှိမ်းသတ်နည်း၊ ဂတ်(စ်)အိုးမီးငြှိမ်းသတ်နည်း၊ မီးသတ်ယာဥ်များဖြင့် လက်တွေ့ရေဖျန်းမီးငြှိမ်းသတ်နည်းတို့ကို စစ်သည်/ရဲမေများနှင့် အတူလက်တွေ့လေ့ကျင့် သရုပ်ပြသခဲ့ပါသည်။

အဆိုပါ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် သရုပ်ပြပွဲကို လွိုင်လင်တပ်နယ်မှူး ဗိုလ်မှူးချုပ်သန်းထွန်းအောင်၊ အမှတ်(၂) ဝန်တင်တပ်ရင်းမှူးနှင့် အရာရှိ/အရာခံ စစ်သည်များ၊ အိမ်ထောင်သည်ရဲမေများ၊ အမှတ်(၅၁၃)ခြေမြန်တပ်ရင်း ခေတ္တတပ်ရင်းမှူးနှင့် အရာရှိ/အရာခံစစ်သည်များ၊ အိမ်ထောင်သည်ရဲမေများ၊ မြို့မီးသတ်ဦးစီးမှူး ဦးရဲအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြိုနယ်(ပြန်/ဆက်)