နေပြည်တော် ဧပြီ ၂၅
စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်တွင် ပျားမွေးမြူရေး ပြည်သူပညာပေးသင်တန်းကို ယနေ့နံနက်ပိုင်းက အေးမြင့်သာယာကျေးရွာ၊ အေးချမ်းသာယာခန်းမတွင် ကျင်းပသည်။
သင်တန်းတွင် နေပြည်တော် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး ဒေါက်တာ ထွေးကိုကိုက ဆီထွက်သီးနှံနှင့် အခြားသီးနှံများ အထွက်တိုးစေရန် ဝတ်မှုန်ကူးဝန်ဆောင်မှုကို တိုးမြှင့်ဆောင်ရွက်ရန် ပျားများကိုစနစ်တကျ မွေးမြူတက်စေရန်နှင့် ပျားရည်နှင့် ပျားထွက်ပစ္စည်းများကို စနစ်တကျထုတ်လုပ်နိုင်ရန် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများ စနစ်တကျသင်ကြား၍ ဆီထွက်သီးနှံများ တိုးတက်ထုတ်လုပ်ရာတွင် ပါဝင်ဆောင်ရွက်ကြပြီး ပျားမွေးမြူရေးနည်းပညာများအား တောင်သူများကို ပြန်လည်ဖြန့်ဝေပေးရန် အဖွင့်အမှာစကား ပြောကြားပြီး ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲ(ရုံးချုပ်)မှ ညွှန်ကြားရေးမှူး ဦးမောင်တင့်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ သင်တန်းသား၊ သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်းဓါတ်ပုံ ရိုက်ကူးခဲ့သည်။
အဆိုပါ ပျားမွေးမြူရေး ပြည်သူပညာပေးသင်တန်းကို သင်တန်းသား၊ သင်တန်းသူ (၂၀)ဦးအား သင်တန်းနည်းပြ (၄)ဦးဖြင့် ဧပြီလ (၂၅)ရက်နေ့မှ (၂၉)ရက်နေ့အထိ သင်တန်းကာလ (၅)ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မျိုးဝင်း(ဥတ္တရ)