သာကေတမြို့နယ်တွင် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များအား စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်

သာကေတ ဧပြီ ၂

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်တွင် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များအား စွမ်းရည်မြှင့်သင်တန်းကို သာကေတစက်မှုဇုန်စီမံခန့်ခွဲမှု‌ ကော်မတီရုံးခန်းမ၌ ယမန်နေ့နံနက် (၉)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းမင်းထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍  အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ မြို့နယ်တာ၀န်ခံအရာရှိ လက်‌ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လှလှနွယ်က အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ စည်းကြပ်သည့်ဥပဒေများနှင့် နည်းဥပဒေများကိုလည်းကောင်း၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ကိုကိုက အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ စည်းကြပ်သည့် ဥပဒေများနှင့် နည်းဥပဒေများကိုလည်းကောင်း၊ လူမှုဖူလုံရေးအဖွဲ့မှ ဦးစီးအရာရှိ ဒေါ်ရွှေစင်သွန်းက လူမှုဖူလုံရေးဥပဒေပါ အာမခံစနစ်များ၊ ထည့်ဝင်ကြေးနှုန်းများ၊ ငွေကြေးအကျိုးခံစားခွင့်များကို ရှင်းလင်းခြင်းနှင့်  အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဟန်ထွဋ်က  အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနက စည်းကြပ်သော ၂၀၁၂ ခုနှစ် အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ဥပဒေနည်းဥပဒေများ၊ အငြင်းပွားမှုဖြေရှင်းခြင်း နည်းလမ်းများအား စာတွေ့၊ လက်တွေ့ ပို့ချရှင်းလင်းခဲ့သည်။

အဆိုပါသင်တန်းကို ဗိုလ်တထောင်မြို့နယ်၊ သာကေတမြို့နယ်၊ အလုံမြို့နယ်ရှိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင် သင်တန်းသား၊ သင်တန်းသူ (၄၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်ကျော်(ပြန်/ဆက်)