သာကေတမြို့နယ်၌ နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တစ်အိမ်တက်ဆင်း မီးစစ်ဆေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများဆောင်ရွက်

သာကေတ ဧပြီ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် မီးသတ်ဦးစီးဌာနက နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၇ / အနောက်ရပ်ကွက်၌ ယနေ့နံနက်ပိုင်းက တစ်အိမ်တက်ဆင်း မီးစစ်ဆေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းမင်း အနီးကပ်ကြီးကြပ်မှုဖြင့် ဒုမီးသတ်ဦးစီးမှူး ဦးနေဝင်းထွန်း ဦးဆောင်၍ သန္ဓေ (၅) ဦး ၊ အရန် (၅) ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များဖြင့် ရပ်ကွက်အတွင်း လျှပ်စစ်မီးများအသုံးပြုရာ၌ မီးဘေးလုံခြုံရေးအလေးထားဆောင်ရွက်ရန်၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးနှင့် မီးသတ်ဆေးဘူးများ စီစဉ်ဆောင်ရွက်ထားရှိရန်၊ နေအိမ်ရေကန်များ ရေအပြည့်ဖြည့်တင်းထားရှိကြရန်နှင့် နေအိမ်များအတွင်း မီးဘေးလုံခြုံစိတ်ချရမှု ရှိ / မရှိ တို့အား ကြည့်ရှုစစ်ဆေးခြင်းနှင့် ပြည်သူများ မီးအမျိုးမျိုးသုံးစွဲခြင်းကို စနစ်တကျသုံးစွဲတတ်စေရန်၊ မီးဘေးလုံခြုံရေးဆိုင်ရာပစ္စည်းများထားရှိစေရန်၊ အရေးပေါ်ဖြစ်ပွားလာပါက ချက်ချင်းသတင်းပေးပို့နိုင်ရေးနှင့် ပြည်သူများလိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ဝေသည့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်သည့် လက်ကမ်းစာစောင်များကို ပြည်သူများလက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

ကျော်ကျော် (ပြန်/ဆက်)