နေပြည်တော် ဧပြီ ၂၅
နိုင်ငံတော်သမ္မတ၏ အခြေပြမိန့်ခွန်းအား ထပ်ဆင့်ရှင်းလင်းခြင်းနှင့် အစိုးရအဖွဲ့၏ ရက်(၁၀၀)စီမံချက် ဆောင်ရွက်ရမည့်အခြေအနေများအား ချပြရှင်းလင်းခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းက အမှာစကားပြောကြားရာတွင် နေပြည်တော်သည် နိုင်ငံတော်ရဲ့ မြို့တော်ဖြစ်တာနဲ့အညီ တရားဥပဒေစိုးမိုးရေးတို့မှာ စံပြဖြစ်နေဖို့လိုအပ်ကြောင်း၊ ဌာနဆိုင်ရာများသည် ပြည်သူကိုဗဟိုပြု၍ ပွင့်လင်းမြင်သာမှုရှိသော အဂတိကင်းစင်သော ဝန်ဆောင်မှုများ ပေးအပ်ရန်လိုအပ်ကြောင်း၊ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်သည့်အခါ မိမိတို့ကျရာကဏ္ဍကနေ အားတက်သရော ပူးပေါင်းပါဝင်ပေးကြရန်နှင့် နိုင်ငံတော်သမ္မတကြီး မျှော်မှန်းထားသည့်အတိုင်း ပြည်သူ့အကျိုးပြု လုပ်ငန်းစဉ်များ အောင်မြင်စေဖို့ အင်တိုက်အားတိုက် လက်တွဲညီစွာဖြင့် တာဝန်ရှိသူများအနေဖြင့် ပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် နေပြည်တော်ကောင်စီဝင်များနှင့် ဌာနဆိုင်ရာများက အစိုးရအဖွဲ့၏ ရက်(၁၀၀)စီမံချက် ဆောင်ရွက်ရမည့် အခြေအနေများနှင့်ပတ်သက်၍ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား အသီးသီးရှင်းလင်းတင်ပြရာ တင်ပြချက်များနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားခဲ့သည်။
ယင်းနောက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၏ ၂ဝ၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ နှစ်စဉ်စီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းက အမှာစကားပြောကြားရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အနေဖြင့် အမျိုးသားအကျိုးစီးပွားကိုရှေးရှုပြီး အမျိုးသားရေးရည်မှန်းချက် နှစ်ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စာရေရိက္ခာဖူလုံရေးတို့အတွက် ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများအနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ တိုးတက်စေရေးနှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များကို အခြေခံသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) ကို အားပေးမြှင့်တင် လျက်ရှိပါကြောင်း၊ နိုင်ငံတစ်ခုတွင် နိုင်ငံရေးအင်အား၊ စီးပွားရေးအင်အားနှင့် ကာကွယ်ရေးအင်အားများ ကောင်းမွန်နေရန်လိုအပ်ပြီး နိုင်ငံတစ်ခုတိုးတက်ရန်အတွက် အသေးစိတ်ကျကျ လက်တွေ့သုံးသပ်ဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း၊ နေပြည်တော်ကောင်စီအနေဖြင့် ထိုသို့သုံးသပ်နိုင်ရန် ကိန်းဂဏန်းအချက်အလက်များအား မြေပြင်အခြေအနေနှင့် အနီးစပ်ဆုံး ကိုက်ညီမှန်ကန်နေရန်၊ စာရင်းမကျန်စေရန်နှင့် အချိန်မီပြုစုတင်ပြနိုင်ရန်နှင့် တာဝန်ခံမှု၊ တာဝန်ယူမှု အပြည့်ရှိရန်လိုအပ်ပါကြောင်း၊ ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အကောင်အထည်ဖော်နိုင်မှု၏ အားသာချက်များကို ဆက်လက်ထိန်းသိမ်းခြင်း၊ အားနည်းချက်များကို ဖော်ထုတ်ပြုပြင်ဖြည့်ဆည်း ဆောင်ရွက်ခြင်းတို့ဖြင့် လက်ရှိ ၂၀၂၆-၂၀၂၇ စီမံကိန်း ရည်မှန်းချက်ကို သက်ဆိုင်ရာကဏ္ဍအလိုက် အချိတ်အဆက်မိမိဖြင့် လျာထားချက်ရာခိုင်နှုန်းပြည့်မီ ကျော်လွန်ရေးနှင့် မျှော်မှန်းထားသည့် တိုးတက်မှုနှုန်းများရရှိရေးတို့အတွက် ကြိုးပမ်းကြရန်နှင့် စဉ်ဆက်မပြတ် စိစစ်သုံးသပ်လျက် အကောင်အထည်ဖော်ဆောင်ရွက်ကြရန် တာဝန်ရှိသူများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းက လယ်ယာကဏ္ဍကြီး၏ စီမံကိန်းရည်မှန်းချက်များကို တာဝန်ပေးအပ်ရာ သက်ဆိုင်ရာဌာနများ၏ကိုယ်စား နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဦးစီးမှူးကလက်ခံရယူခဲ့ပြီး နေပြည်တော်ကောင်စီဝင်များက စက်မှုကဏ္ဍကြီး၏ စီမံကိန်းရည်မှန်းချက်တာဝန်များ၊ ဝန်ဆောင်မှုကဏ္ဍကြီး၏ စီမံကိန်းရည်မှန်းချက်များကို တာဝန်များ၊ နေပြည်တော်အတွင်းရှိ ခရိုင်များ၏ စီမံကိန်းရည်မှန်းချက်များကို တာဝန်များကို အသီးသီးပေးအပ်ရာ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
အောင်ကို(ပုဗ္ဗသီရိ)