ရေးမြို့နယ်၌ မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

ရေး ဧပြီ ၂၅

မွန်ပြည်နယ်၊ ရေးမြို့နယ်၌ နွေရာသီကာလ တောမီးနှင့် အခြားမီးဘေးအန္တရာယ်များ ဖြစ်ပွားမှုကာကွယ်နိုင်ရန်အတွက် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ချောင်းတောင်ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်သည်။

ဟောပြောပွဲတွင် ရေးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးစီးအရာရှိ ဦးရွှေနိုင်က သစ်တောထိန်းသိမ်းရေးဆိုင်ရာများ၊ ရာသီဥတုပြောင်းလဲလာမှုကြောင့် သစ်တော၊ သစ်ပင်များ၏ ဂေဟစနစ်ပျက်စီးပြုန်းတီးမှုမဖြစ်ပေါ်စေရန် ကာကွယ်ထိန်းသိမ်းရမည့်အချက်များ၊ တောမီးအန္တရာယ်ကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးကိုလည်းကောင်း၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ခံ ဒေါ်ထက်ဝါဝါမှူးက မီးခိုးမြူငွေ့များ ဖြစ်ပေါ်လာရခြင်းအကြောင်းရင်း၊ မီးခိုးမြူငွေ့ကြောင့် လူနှင့် သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်နိုင်သည့်ဆိုးကျိူးများ၊ စက်ရုံ / အလုပ်ရုံ၊ ယာဉ်များမှထွက်ရှိသည့် မီးခိုးငွေ့များကြောင့် လေထုညစ်ညမ်းပြီး လူသားတို့၏ ကျန်းမာရေးကိုများစွာထိခိုက်နိုင်သဖြင့် သတိပြုရမည့်အချက်များ၊ ရိုးပြတ် / တောင်ယာများမီးရှို့ခြင်းကြောင့် Fire hot spots ဖြစ်ပွားမှုအခြေအနေများ၊ တောမီးအန္တရာယ်ကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမှကာကွယ်ရေးကိုလည်းကောင်း ဟောပြောသည်။

ထို့နောက် ကျေးရွာပြည်သူများက သိရှိလိုသည့်အချက်များ မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးပြီး မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ရှင်းသန့်ဖြူ (ပြန်/ဆက်)