စစ်တွေ ဧပြီ ၂၅
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်လူမှုရေးရာဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းများနှင့်တွေ့ဆုံပွဲကို ယမန်နေ့ နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်လူမှုရေးရာဝန်ကြီးဌာနအောက်ရှိဌာနဆိုင်ရာ အရာထမ်း၊အမှုထမ်းများတက်ရောက်ကြသည်။
ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးက ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ပြည်နယ်သည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံထားသည့် ပြည်နယ်တစ်ခုဖြစ်ကြောင်း၊ ဒေသတစ်ခုသည် တည်ငြိမ်အေးချမ်းမှ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ အလားတူ ဖွံ့ဖြိုးတိုးတက်မှလည်း ထိုဒေသသည် တည်ငြိမ်အေးချမ်းလာမည်ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတကြီးက ရက်(၁၀၀)အတွင်း ငြိမ်းချမ်းရေးကိုအကောင်အထည်ဖော်ဆောင်ရွက်ရန် ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်သည် ရှည်လျားသည့် ပင်လယ်ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားသော ပြည်နယ်တစ်ခုဖြစ်ကြောင်း၊ စီးပွားရေးအတွက် အလားအလာကောင်းများ များစွာရှိသော ပြည်နယ်တစ်ခုလည်းဖြစ်ကြောင်း၊ အလားတူ စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံပြီးဝင်ငွေတိုးပွားရေးအတွက် ဒေသထွက်ကုန်များကို တိုးမြှင့်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ ဆန်နှင့်ဆီ ဖူလုံမှုရှိစေရေးအတွက် ဒေသတွင်းစိုက်ပျိုးထုတ်လုပ်နိုင်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန် ပညာရေးကဏ္ဍကို တိုးမြှင့်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပညာတတ်မှ နည်းစနစ်တကျ စိုက်ပျိုးမွေးမြူထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကျောင်းနေအရွယ်ကလေးများ ကျောင်းတက်ရောက်နိုင်ရေး၊ ကျောင်းနေပျော်၍ စာတော်နိုင်ရေး အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အခြေခံပညာအဆင့်တွင် KG+9 အခမဲ့ပညာရေးစနစ်ကို နိုင်ငံတော်က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ ပညာရေးကဏ္ဍမြင့်မားရေးအတွက် နှစ်စဉ်ဘဏ္ဍာငွေများ တိုးမြှင့်ချထားပေးလျက်ရှိကြောင်း၊ ထို့ကြောင့် မိမိတို့သားသမီးများ၊ မိမိပတ်ဝန်းကျင်ရှိ ကလေးငယ်များ၊ ယာယီနေရပ်စွန့်ခွာ စုရပ်များတွင်နေထိုင်ကြသော ကလေးငယ်များ စာသင်ခန်းသို့ ရောက်ရှိကာ ပညာသင်ကြားနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ကလေးငယ်များ၏ ပညာရေးမြင့်မားရေးအတွက် မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း စီမံဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ အခြေခံပညာအလယ်တန်းအဆင့်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုကျောင်းများ ဖွင့်လှစ်နိုင်ရေး၊ အထက်တန်းကျောင်းများတွင် ဥပဒေပညာများ သင်ကြားနိုင်ရေးနှင့် ပြည်သူ့နီတိနှင့်စာရိတ္တများကို သင်ကြားနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် ကျောင်းများ ဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာရေးအတွက်လည်း ညီညီညာညာဖြင့်ပူးပေါင်းဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း၊ မူကြိုကျောင်းများ အဆင့်မြှင့်တင်နိုင်ရေး၊ တိုးချဲ့ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အလားတူ ကျန်းမာရေးကဏ္ဍကို ဟန်ချက်ညီညီမြှင့်တင်ဆောင်ရွက်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရေးအတွက် လူငယ်နှင့်အားကစားကဏ္ဍမြှင့်တင်ရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပညာရေး၊ ကျန်းမာရေး၊ အားကစားစသည့် လူမှုရေးကိစ္စအရပ်ရပ်ကိုလုပ်ဆောင်နေရသော ဌာနများတွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများသည် ပြည်သူနှင့်တိုက်ရိုက်ထိတွေ့ ဆောင်ရွက်နေရသော ဌာနများဖြစ်သည့်အတွက် စေတနာထားဆောင်ရွက်မည်ဆိုလျင် များစွာအကျိုးရှိမည်ဖြစ်ကြောင်းတို့ကို နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်မိန့်ခွန်းပေါ် ပြည်နယ်အနေဖြင့် တိုးမြင့်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက လိုအပ်သည်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေးသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိ သည်။
တင်ထွန်း (ပြန်/ဆက်)