ဥတ္တရသီရိမြို့နယ်၌ စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် ပြိုင်ပွဲများကျင်းပ

ဥတ္တရသီရိ ဧပြီ ၂၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာရပ်ကွက်၊ ရွှေနံ့သာစာကြည့်တိုက်၌ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတက်စေရန်၊ ဘက်စုံထူးချွန်သော လူရည်ချွန်၊ လူရည်မွန်များ ဖြစ်လာစေရန်နှင့် နောင်တစ်ချိန်တွင် နိုင်ငံတော်က အားထားရသည့် လူကောင်းလူတော်များဖြစ်လာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားပြီး လူငယ်နှင့်စာဖတ်ခြင်း ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့သည်။

ယင်းနောက် ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ရာ ပြိုင်ပွဲအသီးသီးတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းနှင့် ဦးစီးအရာရှိ ဒေါ်သန်းသန်းနွယ်တို့က ဆုများချီးမြှင့်ပေးအပ်ခဲ့သည်။

ထို့နောက် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးနံရံကပ်စာ‌စောင်များနှင့် သုတ၊ ရသ စာအုပ်၊ စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း (ပြန်/ဆက်)