မြစ်ကြီးနား ဧပြီ ၂၅
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက်သို့ သွားရောက်ခဲ့ကြပြီး ရပ်ကွက်တွင်းလမ်းများ အဆင့်မြင့်တင်ထားရှိမှုနှင့် လမ်းဘေးဝဲ/ယာ ရေနှုတ်မြောင်းများ စနစ်တကျဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာသန်းဌေးအောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရွှေစက်ရပ်ကွက်အတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိ/ရပ်ဖများက ရပ်ကွက်နယ်မြေ (၈)အတွင်း ကရိန်နော်သွားလမ်းမကြီးဘေး လမ်းသွယ်၌ လမ်းအဆင့်မြှင့်တင်ထားရှိမှုနှင့် လမ်းနှင့်အတူ ရေနှုတ်မြောင်းတူးဖော်ထားရှိမှုအပေါ် စနစ်တကျဆောင်ရွက်ပေးနိုင်ရေးအတွက် မြေပြင်ကွင်းဆင်းစစ်ဆေး တွက်ချက်၍ နီးစပ်ရာဘတ်ဂျက်နှစ်တွင် ထည့်သွင်းလျာထားတင်ပြနိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် အဆိုပါရပ်ကွက်အတွင်း ဆွမ်ပရာဘွမ်လမ်းမဘေးရှိ အမှတ်(၂) အခြေခံပညာမူလတန်းလွန်ကျောင်းသို့ သွားရောက်ပြီး အဆိုပါကျောင်း ခြံဝင်းအုတ်တံတိုင်း ကာရံပေးနိုင်ရေးနှင့် ယခင်ပညာသင်နှစ်အတွင်း ယာယီတိမ်းရှောင်မိသားစုများ၏ ကလေးငယ်များ ကျောင်းအပ်လက်ခံမှုကြောင့် ယာယီတိုးချဲ့စာသင်ဆောင်သစ် ဆောက်လုပ်ထားရှိမှုအပေါ် ယခုနှစ်ကျောင်းဖွင့်ချိန်တွင် ပြန်လည်ပြင်ဆင်ပေးနိုင်ရေးနှင့် ခြံစည်းရိုးနှင့် နှစ်ထပ်ကျောင်းဆောင်သစ်အတွက် ပညာရေးဝန်ကြီးဌာနက ချထားပေးထားသည့် အစီအစဉ်များကို ရပ်မိရပ်ဖများနှင့် ကျောင်းအုပ်တို့အား ရှင်းလင်းပြောကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် မြစ်ကြီးနားမြို့ လောကမာရ်အောင် ဆုတောင်းပြည့်စေတီတော်၌ နှစ်စဉ် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့က ဦးစီးကျင်းပသည့် ပဉ္စမအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ်ဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ခေမာသီဝံကျောင်းတိုက် နာယကဆရာတော် အဘိဓဇမဟာရဋ္ဌာဂုရု ဘဒ္ဒန္တစန္ဒာဝရာဘိဝံသ အမှူးပြုသော မထေရ်မြတ်ကြီးများနှင့် ပင့်သံဃာတော်များ ကြွရောက်တော်မူကြသည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ကြပြီး ဓမ္မရက္ခိတ ဝန်းသိုကျောင်းတိုက် စာချနာယကဆရာတော် ဦးစက္ကိန္ဒက မဟာပဋ္ဌာန်းရောင်ခြည်ဖွင့်ဂါထာဖြင့် ဘုရားပင့်ခြင်းနှင့် ပဋ္ဌာန်းဒေသနာရွတ်ဖတ် နာယူကြည်ညိုရန် နတ်ဗြဟ္မာများအား ဒေဝနိမန္တနဂါထာဖြင့် ပင့်ဖိတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချူပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက ဆရာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။
ဆက်လက်၍ ဆရာတော်သံဃာတော်များ ပဋ္ဌာန်းဒေသနာရွတ်ဖတ်ရန် တိုက်တွန်းနှိုးဆော်လွှာ ဂါထာဖြင့် ပူဇော်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်လူမှုရေးရာဝန်ကြီးက သာသနာရေးဆိုင်ရာများကို လျှောက်ထားတင်ပြပြီး ကြွရောက်တော်မူလာကြသည့် သံဃာတော်များ ဦးဆောင်လျက် ပဋ္ဌာန်းပစ္စယုဒ္ဒေသကို အတူတကွ ရွတ်ဖတ်ပူဇော်ကြပြီး အလှည့်ကျ ဘာဏကသံဃာတော်များက ပဋ္ဌာန်းပစ္စယနိဒ္ဒေသပါဠိတော်များကို ဆက်လက်ရွတ်ဖတ်ပူဇော်ခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက ဆရာတော်အရှင်သူမြတ်များအား နေ့စဉ် ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအုပ်စုအတွင်းရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ပိုင် ဖွံ့ဖြိုးရေးခြံဝင်းအတွင်း နယ်မြေအခြေအနေအရ နေရပ်စွန့်ခွာပြည်သူများအား IDPs စခန်း ဖွင့်လှစ်၍ ခိုလှုံနေထိုင်ခွင့်ပေးခဲ့ရာမှ စခန်းအားပိတ်သိမ်းပြီး အိမ်ထောင်စုများအား ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် မြေယာအလှူရှင် ဦးတင်မြင့် ခြံဝင်းအတွင်း ပြောင်းရွေ့နေရာချထားပေးခဲ့သဖြင့် စခန်းပိတ်သိမ်းခြင်း ကျေးဇူးတော်ချီးမွမ်း ဆုတောင်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါဝင်ခဲ့ကြသည်။
အဆိုပါ စခန်းပိတ်သိမ်းခြင်း ကျေးဇူးတော်ချီးမွမ်းဆုတောင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်အနေဖြင့် မိသားစုများအား နှစ်ကာလအားဖြင့် (၁၅)နှစ်ခန့် စခန်းဖွင့်လှစ်၍ နေထိုင်ခွင့်ပေးခဲ့ခြင်းအပေါ် မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် မိသားစုများအနေဖြင့်လည်း ပြည်နယ်အစိုးရအဖွဲ့စီစဉ်သည့် မြေယာပေါ်တွင် နေထိုင်မည့် မိသားစုများနှင့် နောင်းချိန်ကျေးရွာ၊ ဆွေမျိုးနေအိမ်များတွင် ရွေ့ပြောင်းနေထိုင်ကြမည်ဖြစ်သဖြင့် အဆင်ပြေစေရေး အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားပြီး ပြောင်းရွေ့နေထိုင်ကြမည့် အိမ်ထောင်စုများအတွက် ငွေကျပ်သိန်း (၅၀) ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)