ဒဂုံမြောက် ဧပြီ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဝေ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇာခြည်လင်းတို့က လွှတ်တော်အတွေ့အကြုံများ ရှင်းလင်းတင်ပြကြပြီး မြို့နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးဆောင်ရွက်သွားမည့် လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးပြောကြားပြီး ဌာနဆိုင်ရာလုပ်ငန်းများသည် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သောကြောင့် လုပ်ငန်းများ အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်ပေးကြရန်နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သော လမ်း၊ တံတား တိုးချဲ့ပြုပြင်ရေး၊ လျှပ်စစ်၊ ရေရရှိရေး၊ ကျန်းမာရေး၊ ပညာရေး စသည့်ကိစ္စရပ်များအား တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့နယ်အတွင်းဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်သွားမည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြကြပြီး ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့် လိုအပ်ချက်များအား တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။
မြင့်မြင့်ရီ