မိုးညှင်းမြို့၌ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ လစဉ်ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မိုးညှင်း ဧပြီ ၂၅

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ လစဉ်ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီက စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ အစည်းအဝေးတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးတင့်က အမှာစကားပြောကြားရာ၌ အစိုးရသစ်ကာလ အများပြည်သူများ၏ အခြေခံလိုအပ်ချက်ကို ရှေးရှု၍ ပထမရက် (၁၀၀) စီမံချက်ကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများဖြစ်သည့် မြို့သန့်ရှင်းသာယာလှပစေရေးအတွက် မြို့ဝင်/မြို့ထွက်အပါအဝင် အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများ၊ ချောင်းနှင့် ရပ်ကွက်အတွင်း ရေမြောင်းများ ရေစီးရေလာကောင်းမွန်လာစေရေး၊ ခရိုင်အတွင်း မြို့နယ်များမှ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် လုပ်ငန်းများကိုလည်းကောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုပုံစံ ၆၆/၆ ထုတ်ပေးနိုင်ရန်အတွက် ကွင်းဆင်းဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် စသည်တို့ကို တိုက်တွန်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများက လုပ်ငန်းကဏ္ဍာများအား ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ အသီးသီးဆွေးနွေးတင်ပြကြရာ ခရိုင်အုပ်ချုပ်ရေးမှူးက လုပ်ငန်းများ အလျင်အမြန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရွှေမိုးညှင်း