တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီး စစ်တုရင်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မွန်ပြည်နယ် အမျိုးသား/အမျိုးသမီး စစ်တုရင်အသင်းအားဩဝါဒခံယူပွဲ အခမ်းအနား ကျင်းပ

မော်လမြိုင် ဧပြီ ၂၅

တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသား/အမျိုးသမီး စစ်တုရင်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မွန်ပြည်နယ် အမျိုးသား/အမျိုးသမီး စစ်တုရင်အသင်းအားဩဝါဒခံယူပွဲ အခမ်းအနားကို ယမန်နေ့က ရာမညအားကစားကွင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဦးစွာ အခမ်းအနားတွင် မွန်ပြည်နယ် အမျိုးသား/အမျိုးသမီး စစ်တုရင်အသင်း အုပ်ချုပ်သူ၊ နည်းပြ၊ အားကစားသမားများနှင့် တစ်ဦးချင်း မိတ်ဆက်ခဲ့ကြပြီး မွန်ပြည်နယ် အားကစားနှင့်ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနေမျိုးလွင်မှ မွန်ပြည်နယ် အမျိုးသား/အမျိုးသမီး စစ်တုရင်အသင်း ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အခြေအနေအား ရှင်းလင်း တင်ပြသည်။

ထို့နောက် မွန်ပြည်နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်းက  မွန်ပြည်နယ်တွင် ဘက်စုံ၊ ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေး ဦးတည်ကြိုးပမ်းဆောင်ရွက်ရာတွင် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး အထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ အားကစားသမားများအနေနဲ့ ဇွဲ၊ လုံ့လ၊ ဝီရိယအပြည့်နဲ့ ပြင်းပြင်းထန်ထန် လေ့ကျင့်ကြိုးစားကြရန် လိုအပ်သလို ရုပ်ပိုင်းဆိုင်ရာ ကြံခိုင်မှုနှင့် ကျွမ်းကျင်ပိုင်နိုင်မှုတို့ကို ပေါင်းစပ်၍ စိတ်ဓါတ်ကောင်းမွန်ခြင်းကို အခြေခံပြီး တရားမျှတစွာ ဝင်ရောက်ယှဉ်ပြိုင်ကြရန်လိုကြောင်း၊ ပြိုင်ပွဲတိုင်းမှာ အနိုင်ရရှိကာ ပြည်နယ်ဂုဏ်ကို မြှင့်တင် ပေးနိုင်အောင်ရုံမျှမက နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများဖြစ်အောင်လည်း စွမ်းစွမ်းတမံ ကြိုးစားသွားကြစေလိုကြောင်းနှင့် လိုအပ်သည်များကိုလည်း အဖက်ဖက်က ကူညီပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း ဩဝါဒစကား ပြောကြားပြီး မွန်ပြည်နယ် စစ်တုရင်အသင်းအား ပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုငွေ ကျပ် (၅)သိန်းအား ပေးအပ်ချီးမြှင့်ခဲ့သည်။

ယင်းနောက် မွန်ပြည်နယ် အမျိုးသားစစ်တုရင်အသင်း အုပ်ချုပ်သူမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး တက်ရောက်လာသော အားကစားသမားများအား ပြည်နယ်လူမှုရေးရာဝန်ကြီးက ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)