ဒေါပုံ ဧပြီ ၂၄
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ပြည်သူများအတွက် ရပ်ရွာအကျိုးပြုလုပ်ငန်းများ ပိုမိုဖြစ်ထွန်း အကျိုးရှိစေရန်ရည်ရွယ်၍ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တွေ့ဆုံပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းကျော်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (PR) ဦးတင့်ဇော်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (FPTP) ဦးဝင်းလှိုင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်နိုင်တို့က မိတ်ဆက်စကားပြောကြားခဲ့ကြပြီးနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထူးထက်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မိတ်ဆက်စကားပြောကြားခဲ့ကြပြီး မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများ၊ ရပ်ကွက်များအလိုက် အခြေခံလိုအပ်ချက်များနှင့်ပတ်သက်၍ အသီးသီးတင်ပြဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ လွှတ်တော်ကိုယ်စားလှယ်များက မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအသီးသီး၏ လုပ်ငန်းဆောင်ရွက်နေမှုများပေါ် အခက်အခဲများရှိပါက တင်ပြဆောင်ရွက်ပေးကြရန်နှင့် ရပ်ကွက်အတွင်းရှိ ဒေသခံပြည်သူများ၏ အခြေခံလိုအပ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လွှတ်တော်အတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လိုအပ်မှုများနှင့် အခက်အခဲများကို အချိန်မရွေးတင်ပြဆောင်ရွက်နိုင်ကြောင်း ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထူးထက်က လိုအပ်သည်များကို ထပ်မံဖြည့်စွက်ဆွေးနွေးခဲ့ပြီး နိဂုံးချုပ်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)