သင်္ဃန်းကျွန်း ဧပြီ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင် Community Centre ခန်းမတွင် ကျောင်းသား၊ ကျောင်းသူလေးများ နွေရာသီကျောင်းပိတ်ရက် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေး အင်္ဂလိပ်စာ Basic Grammer သင်တန်းအား ယနေ့နံနက်က စတင်ဖွင့်လှစ်သင်ကြားခဲ့သည်။
ဦးစွာ သင်္ဃန်းကျွန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် အင်္ဂလိပ်စာပညာရပ်သည် နိုင်ငံတကာ၌ ယနေ့တိုင် လက်ခံသုံးစွဲလျက်ရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူလေးများအနေဖြင့် ဂရုတစိုက်မှတ်သားလေ့လာရန်လိုကြောင်း၊ ယခုသင်တန်းမှ သင်ကြားပေးလိုက်သည့် ပညာရပ်များအား မိမိတို့ကျောင်းစာပညာသင်ကြားရာတွင် အထောက်အပံ့ပေးနိုင်ကြောင်း၊ ပညာရဲရင့် ပွဲလယ်တင့် ဆိုရိုးစကားအတိုင်း လူအများအလယ်တွင် ဂုဏ်ယူဝံ့ကြွားစွာနေထိုင်နိုင်စေရန်၊ အင်္ဂလိပ်စာအကြောင်း ကောင်းစွာသိရှိစေရန် ရည်ရွယ်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
သင်တန်းသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး၊ ခရိုင်ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ သင်တန်းနည်းပြဆရာမ ရွှေယဥ်နု (ပညာရေး)၊ အုပ်ထိန်းသူမိဘများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။ သင်တန်းအား သင်တန်းသား၊ သင်တန်းသူ (၂၀) ဦး တက်ရောက်သင်ကြားပြီး သင်တန်းကာလမှာ ၂၄.၄.၂၀၂၆ ရက်နေ့မှ (၁) လကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်မိုး (သင်္ဃန်းကျွန်း)