ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၌ ရက် (၁၀၀) အတွင်း ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်စေရန် ဝင်ငွေတိုးစီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်

ရန်ကုန် ဧပြီ ၂၄

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်းများအနက်မှ ရက် (၁၀၀) အတွင်း လုပ်ငန်းရှင် (၁၀၀) ပေါ်ပေါက်လာစေရေး စီမံချက်များမှ တစ်ခုအပါအဝင်အဖြစ် ဆောင်ရွက်သည့် မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ပတ္တမြားမြို့သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ စီမံကိန်းကော်မတီဝင်များ၊ သင်တန်းနည်းပြများ၊ ရပ်မိရပ်ဖများနှင့် သင်တန်းသားများတို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဦးစီးမှူးက အဖွင့်အမှာစကားပြောကြားရာတွင် ယခုသင်တန်းသည် ရက် (၁၀၀) အတွင်း လုပ်ငန်းရှင် (၁၀၀) ပေါ်ပေါက်လာစေရေးစီမံချက်လုပ်ငန်းများမှ (၁)ခုအပါအဝင် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ဝင်ငွေတိုးစီမံကိန်းသည် လုပ်ငန်းထူထောင်မည့်သူ (၅) ဦးရွေး ချယ်၍ လုပ်ငန်းထူထောင်နိုင်ရန်လိုအပ်သည့် လုပ်ငန်းသုံးပစ္စည်းများ သုံးစွဲခွင့်ပေးသွားမည်ဖြစ်သောကြောင့် မိမိတို့ရပ်ကွက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်ဝန်းကြိုးစားဆောင်ရွက်ကြရန်၊ ယခုဘဏ္ဍာရေးနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝင်‌ငွေတိုးစီမံကိန်း (၂၀) ခု ဆောင်ရွက်ရန်လျာထားလျက်ရှိကြောင်း‌၊ ယခင်၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်‌ဖော်ခဲ့သည့် လှည်းကူးမြို့နယ်၊ ဇရပ်ကွင်းကျေးရွာမှ မော်တော်ဆိုင်ကယ်ပြုပြင်ဆိုင်လုပ်ငန်းထူထောင်သူများသည် လုပ်ငန်းအောင်မြင်မှုများ ရရှိနေပြီဖြစ်သောကြောင့် လုပ်ငန်းတိုးချဲ့နိုင်ရန် သမဝါယမအသင်းနှင့် ချိတ်ဆက်ကာ ချေးငွေထုတ်ချေးပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် ယခုသင်တန်းတက်ရောက်လာသူများအနေဖြင့်လည်း စိတ်ပါဝင်စားစွာဖြင့် မပျက်မကွက် ကြိုးစားတက်ရောက်ပေးလိုပါကြောင်း ပြောကြားခဲ့သည်။

ယခုဖွင့်လှစ်သော မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်းတွင် သင်တန်းသား ၁၅ ဦးအား မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာရပ်များကို ကိုယ်ပိုင်လုပ်ငန်း ထူထောင်နိုင်သည်အထိ ဧပြီလ ၂၄ ရက်နေ့မှ ဇွန်လ ၁၃ ရက်နေ့အထိ တစ်လခွဲကြာ စာတွေ့ (၃၀) ရာခိုင်နှုန်း၊ လက်တွေ့ (၇၀) ရာခိုင်နှုန်း သင်ကြားပေးသွားမည်ဖြစ်ပြီး အမှန်တကယ်လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသား (၅) ဦးအား သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပံပိုးပေး၍ ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ် ရက် (၁၀၀) အတွင်း လုပ်ငန်းထူထောင်နိုင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)