ထန်းတပင်(ရန်ကုန်)၊ ဇန်နဝါရီ ၁၅
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တောင်သူများ စပါးစိုက် ပျိုးချိန်တွင် မျိုးကောင်း၊ မျိုးသန့်စပါးမျိုးများကို အလွယ်တကူရရှိနိုင်ရေးအတွက် CERP ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ်ဖြင့် မျိုးသန့် မျိုးစေ့ထုတ်တောင်သူများ စိုက်ပျိုးကာ ရရှိလာသည့် စပါးများကို မျိုးစပါးများအဖြစ် ပြန်လည်ဝယ်ယူဆောင်ရွက်နေပြီး တောင်သူများ လိုအပ်ချိန်တွင် ပြန်လည်၍ ရောင်းချဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
“ဒီ CERP အစီအစဉ်လေးဟာဆိုလိုရှိရင် တောင်သူတွေ မျိုးစပါးကို အလွယ်တကူ ဝယ်ယူရရှိနိုင် ဖို့ဘဲဖြစ်ပါတယ် အခု ကျွန်တော်တို့ စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ ကုန်သည်ကြီးများနှင့် ပေါင်းပြီး တော့မှ ဒီမျိုးတွေကို ပြန်ပြီးတော့ သိုလှောင်ထားရှိခြင်း ဘဲဖြစ်ပါတယ် မိုးဦးကျတဲ့အခါမှာ တောင်သူ လိုအပ်တဲ့ အခါမှာဆိုလိုရှိရင် အလွယ်တကူဝယ်ယူရရှိနိုင်ဖို့အတွက် ဒီ CERP အစီအစဉ်နဲ့စိုက်တဲ့ စိုက်ခင်းတွေအားလုံး ကျွန်တော်တို့မျိုးအဖြစ် ပြန်လည်ဝယ်ယူတာဖြစ်ပါတယ်ဟု” မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဝင်းကိုက ရှင်းပြသည်။
ထန်းတပင်မြို့နယ်အတွင်း CERP ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် စိုက်ပျိုးထားသည့် စပါးစိုက်ဧကပေါင်း(၁၀၀၉)ဧက ရှိသည့်အနက် ရိတ်သိမ်းပြီးသည့် ဧက(၆၅၆)ဧကရှိရာ ရိတ်သိမ်းပြီးသည့် စပါးများကိုလည်း မျိုးစပါးများအဖြစ် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စပါးတစ်တင်းလျှင် ငွေကျပ်(၇၃ဝဝ)နှုန်းဖြင့် ပြန်လည်ဝယ်ယူ ဆောင်ရွက်နေသလို တောင်သူများမှလည်း ၄င်းတို့၏ အစီအစဉ်များဖြင့် ပြန်လည်၍ ရောင်းချမှုများလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)