သန်လျင်၌ လုံခြုံစိတ်ချ မိခင်ဘဝ သေချာရအောင်ဝိုင်းကူကြ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

သန်လျင် ဧပြီ ၂၄

သန်လျင်ခရိုင်၊ သန်လျင်မြို့ ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမ၌ " လုံခြုံစိတ်ချ မိခင်ဘဝ သေချာရအောင်ဝိုင်းကူကြ" အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီခွဲ၌ ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်း၊ ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်‌ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းဇာခြည်ဦးနှင့်အဖွဲ့ဝင်များ၊ သန်လျင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်း၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌဒေါ်မေလဲ့ဝါသွေးနှင့် အဖွဲ့ဝင်များ၊ သန်လျင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးတင့်၊ ဆေးရုံအုပ်ကြီး ဒေါက်တာချောနန္ဒီနှင့် အထူးကုဆရာဝန်ကြီးများ၊ သန်လျင်ခရိုင်အတွင်းရှိ မြို့နယ်များမှ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ပုဂ္ဂလိကဆေးရုံနှင့်ဆေးခန်းများမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များမှ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းက အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။ ဆက်လက်၍ “ လုံခြုံစိတ်ချ မိခင်ဘဝ ” အကြောင်း သိကောင်းစရာများနှင့် မိခင်သေဆုံးမှုအခြေအနေ ဆန်းစစ်လေ့လာခြင်း ခေါင်းစဉ်ဖြင့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအေးငြိမ့်ဦးမှလည်းကောင်း၊ သန်လျင်ပြည်သူ့ဆေးရုံကြီးတွင် သေဆုံးခဲ့သော မိခင်များအား ဆန်းစစ်တင်ပြခြင်းနှင့် ကုသမှုဆိုင်ရာများ ခေါင်းစဉ်ဖြင့် သန်လျင်ပြည်သူဆေးရုံကြီးမှ (သားဖွားမီးယပ်) အထူးကုဆရာဝန်ကြီး ဒေါက်တာကေသီအောင်တို့က ဆွေးနွေးခဲ့ကြသည်။ ယင်းနောက် အလုပ်ရုံ‌ဆွေးနွေးပွဲ၏ ကောက်နှုတ်ချက်များကို ခရိုင်ကုသရေးဦးစီးဌာနမှူး ဆေးရုံအုပ်ကြီး ဒေါက်တာချောနန္ဒီက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ (သန်လျင်)