မိုင်းဆတ်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လူကုန်ကူးမှုအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်ပြပွဲ ကျင်းပ

မိုင်းဆတ် ဧပြီ ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်နှင့် အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍  ယနေ့ နံနက် ၁၀ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လူကုန်ကူးမှုအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက အသိပညာပေးနံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး လူကုန်ကူးမှုအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်အားပြသရာ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ရုံးအနေဖြင့် အများပြည်သူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို စဉ်ဆက်မပြတ်ပြသပေးလျက်ရှိကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)