မြစ်ကြီးနား ဧပြီ ၂၄
မဟာသဒ္ဒမဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက် ရန်အောင်မြင်(ဘုမ္မော) ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တစန္တောဘာသ၏ ထပ်ဆင့် ဝိသိဌရဂုဏပူဇာ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဘုန်းတော်ကြီးကျောင်းတိုက်ရှိ ပြည့်စုံသုခဓမ္မကျောင်းဆောင်၌ ကျင်းပပြုလုပ်ရာ ဝန်းသိုကျောင်း တိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကေတုမာလာ အမှူးပြုသော ဆရာတော်သံဃာတော်များ ကြွရောက်တော်မူကြသည်။
ဆက်လက်၍ မဟာသဒ္ဒမဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော် ဘဒ္ဒန္တစန္တောဘာသအရှင်သူမြတ်အား အဆောင်အယောင်အခမ်းအနားဖြင့် ပင့်ဆောင်တော်ပူကြပြီး အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ကြပြီး ဆရာတော် အရှင်သူမြတ်များထံမှ တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့် ဇနီး၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ အလှူဒါယကာ၊ ဒါယိကာမများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ယင်းနောက် ဘွဲ့တံဆိပ်တော်ရ ဆရာတော်အရှင်သူမြတ်က ကျေးဇူးတင်ဝမ်းမြောက်ကြောင်းစကား မိန့်ကြားတော်မူပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းမှူးနှင့် ဇနီး၊ တာဝန်ရှိသူများက ဆရာတော် အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် တေးသီချင်းဖြင့် ဆရာတော်အရှင်သူမြတ်အား ပူဇော်ခဲ့ကြပြီး ရွှေရတနာပုံဆရာတော် ဦးကလျာဏက ဘွဲ့တံဆိပ်တော်ရ အရှင်သူမြတ်၏ ထေရုပ္ပတ္တိအကျဉ်းအား ဖြတ်ကြားပြီး ရတုပိုဒ်စုံဖြင့် သီဆိုပူဇော်ခဲ့ကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ရုပ်သိမ်းလိုက်ကြပြီး ဆရာတော်အရှင် သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်းခြင်းနှင့် ရက်(၁၀၀)ကာလအတွင်း Quick Win လုပ်ငန်းများအား ဝန်ကြီးဌာနအလိုက် အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များအပေါ် မိမိတို့ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း အလေးအနက်ထား လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထို့အတူ မဖြစ်မနေအောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် ရက်ပေါင်း ၁၀၀ ကာလအတွင်း Quick Win လုပ်ငန်းများကိုလည်း ဝန်ကြီးများအနေဖြင့် သက်ဆိုင်ရာဦးစီးဌာန/ အဖွဲ့အစည်းများအား အနီးကပ် ကြပ်မတ်ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ထို့အတူ လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ရာတွင် ပြည်သူများအားလုံး၏ ပူးပေါင်းပါဝင်မှုဖြင့် မိမိတို့အားလုံးက စည်းစည်းလုံးလုံး ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ကွပ်ကဲမှုအောက်ရှိ ဦးစီးဌာန/ အဖွဲ့အစည်းများက ရက်ပေါင်း(၁၀၀)ကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် Quick Win လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ပြည်နယ်အစိုးရအဖွဲ့က ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို အသီးသီးတင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် Quick Win လုပ်ငန်းများအား အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ရေးအားလုံးက စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ကြိုးစားဆောင်ရွက်ကြရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ရှမ်းစုတောင်ရပ်ကွက်အတွင်း ဧရာဝတီမြစ်ကမ်းဘေး၌ ဝန်းသိုဆရာတော်အရှင်သူမြတ်ကြီး၏ လမ်းညွှန်မှုဖြင့် တည်ထားကိုးကွယ်လျက်ရှိသည့် ဓာတ်တော်တိုက်စေတီတော်ဝင်းအတွင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူတည်ဆောက်လျက်ရှိသော ဧရာဝတီမြစ်ရေကြီးမြင့်မှု ကာကွယ်ရေးလုပ်ငန်းအစီအမံများအတွင်း တစ်ခုအပါအဝင်ဖြစ်သည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသော အလျား ၁၄၅ ပေရှိ ကျောက်စီမြေထိန်းတမံတည်ဆောက်ခြင်း လုပ်ငန်းခွင်သို့ သွားရောက်ပြီး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)