လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား ကွင်းဆင်း ကြည့်ရှု

လှိုင်သာယာ(အနောက်ပိုင်း) ဇန်နဝါရီ ၁၅

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌  ၂၀၂၀−၂၀၂၁ တိုင်းဒေသကြီးဘတ်ဂျတ်ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ  ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်အဆင့် တာဝန်ရှိသူများက သတ်မှတ်သည့် အရည်အသွေး ပြည့်မီမှုရှိစေရေး ကွင်းဆင်းကြည့်ရှုခဲ့သည်။

ထိုသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုရာတွင် အမှတ်(၁၃) ရပ်ကွက်၊ ဇင်ယော်လမ်းအကျယ် ၁၈ ပေ၊ အမြင့်ထု ၇ လက်မ ကွင်းကရစ်လမ်းခင်းဆောင်ရွက်နေမှု အခြေ အနေအား ကွင်းဆင်းကြည့်ရှုပြီး ရေစီးရေလာကောင်းမွန်ရေး ဆက်လက်ဆောင်ရွက်ရန် အတွက်ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ထိန်ပင်အမှိုက်ပုံနှင့် သုဿန်တို့တွင် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ အား ဆက်လက်ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

အဆိုပါ ကွင်းဆင်းကြည့်ရှုရာတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအေးဗိုလ်၊ အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူ၊ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသိန်းအောင်၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီတာအောင်၊ စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးသိန်းလွင်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု၍ အများပြည်သူများ သွားလာရေး အဆင်ပြေစေရန်နှင့် ကျန်းမာရေးနှင့်ညီညွတ်စွာ နေထိုင်နိုင်ရေးအတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြသန္တာဝင်း(ပြန်/ဆက်)