လသာမြို့နယ်၌ နွေရာသီအခြေခံအင်္ဂလိပ်စာသင်တန်း အခမဲ့ဖွင့်လှစ်

လသာ ဧပြီ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်၌ ကလေးငယ်များနှင့် လူငယ်များ နွေရာသီကာလအတွင်း အင်္ဂလိပ်စာအခြေခံကောင်းများ ရရှိစေရန်နှင့် ကျောင်းသင်ခန်းစာများကို ပိုမိုနားလည်သဘောပေါက်နိုင်စေရန်ရည်ရွယ်၍ နွေရာသီ အခြေခံအင်္ဂလိပ်စာသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် အခမဲ့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းသဲနု‌အောင်က ကျောင်းသင်ခန်းစာများအပြင် နေ့စဉ်အသုံးပြုသည့် အင်္ဂလိပ်စာများကို မှန်ကန်စွာဖတ်ရှု၊ ရေးသားနှင့် ပြောဆိုနိုင်စေရန် အခြေခံကျသော ကျွမ်းကျင်မှုများရရှိလာစေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး သင်တန်းနည်းပြ ဆရာဦးစိုးနိုင်မှ သင်ကြားပို့ချမည့် ဘာသာရပ်နှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားသည်။

အဆိုပါ သင်တန်းတွင် အခြေခံအင်္ဂလိပ်စာဘာသာရပ်များဖြစ်သော အက္ခရာအသံထွက်များ၊ အခြေခံဝေါဟာရများ၊ စာကြောင်းတည်ဆောက်ပုံများ၊ နေ့စဉ်အသုံးပြုသည့် စကားပြောပုံစံများနှင့် ဖတ်ရှုရေးသားနည်းများကို နည်းပြဆရာက သင်ကြားပို့ချပေးလျက်ရှိပြီး သင်တန်းသို့ အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၃၅ ဦး တက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းကာလမှာ ဧပြီလ ၂၃ရက်မှ မေလ ၂၉ ရက်နေ့အထိ အခမဲ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေလင်း (ပြန်/ဆက်)