မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း ရေဆင်းပေါ်ဆန်း (၁)၊ (၂) စပါးမျိုးသစ်များ ဒေသနှင့်ကိုက်ညီမှု ရှိ၊မရှိ စမ်းသပ်စိုက်ပျိုးထားရှိမှု အခြေအနေကွင်းသရုပ်ပြပွဲ အခမ်းအနားနှင့် အသားတိုးဝက်မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှု

ပေါင် ဧပြီ ၂၄

မွန်ပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ သထုံခရိုင်၊ ပေါင်မြို့နယ်ရှိ ရေဆင်းပေါ်ဆန်း (၁)၊ (၂) စပါးမျိုးသစ်များ ဒေသနှင့်ကိုက်ညီမှု ရှိ/မရှိ စမ်းသပ်စိုက်ပျိုးထားရှိမှုအခြေအနေ ကွင်းသရုပ်ပြပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပေါင်မြို့နယ် ဖြူဘကျေးရွာတောင်သူဦးသန်းထွန်း၏ လယ်မြေ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

ဦးစွာ အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက စပါးသီးနှံပန်းတိုင်အထွက် ရရှိရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများအားလည်းကောင်း၊ ပေါင်မြို့နယ်ဦးစီးမှူးမှ ပေါင်မြို့နယ်၏ သီးနှံစိုက်ပျိုးထုတ်လုပ်မှု အခြေအနေများနှင့် ရေဆင်းပေါ်ဆန်း (၁)၊ (၂) စပါးမျိုးသစ်များစမ်းသပ်စိုက်ပျိုးထုတ်လုပ်မှု အတွေ့အကြုံများအား ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သီးနှံအထွက်နှုန်းတိုးစေရန်အတွက် မျိုး၊ မြေ၊ ရေ၊ စိုက်ပျိုးနည်းစနစ်အနက် မျိုးစေ့၏ အခန်းကဏ္ဍမှာ ပဓာနကျ၍ မျိူးကောင်းမျိုးသန့် အသုံးပြုစိုက်ပျိုးခြင်းဖြင့် သီးနှံအထွက်နှုန်းကို (၁၀ မှ ၂၀%) အထိ ပိုမိုထွက်ရှိနိုင်မှာဖြစ်ပြီး မျိုးကောင်းမျိုးသန့်မျိုးစေ့များ ပွားများထုတ်လုပ်ခြင်းနှင့် မျိုးပြောင်းလဲစိုက်ပျိုးခြင်းတို့ကို မဖြစ်မနေတိုးချဲ့ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ မွန်ပြည်နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် သီးနှံအထွက်နှုန်းတိုးတက်ရေးသာမက အရည်အသွေးကောင်းမွန်တဲ့ ထုတ်ကုန်များ ထုတ်လုပ်ပြီး တောင်သူများဝင်ငွေတိုးစေဖို့ အဖက်ဖက်က ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ စားရေရိက္ခာဖူလုံဖို့အတွက် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားအောင် ဆောင်ရွက်တဲ့နေရာမှာ တောင်သူများမှလည်း အင်တိုက်အားတိုက် ကြိုးစားဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်အတွက် အကျိုးပြုသလို တောင်သူတွေရဲ့ လူမှုစီးပွားဘဝများလည်း မြင့်မားလာမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က တောင်သူများနှင့် တွေ့ဆုံကာ တောင်သူများ၏ လိုအပ်ချက်များ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းအတွက် ဒေသခံများက ကျေးရွာတွင် လိုအပ်နေသည့် ကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးနိုင်ရန်တင်ပြမှုအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး၍ ရေဆင်းပေါ်ဆန်း (၁)၊ (၂) စပါးမျိုးများစမ်းသပ် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုခြေအနေများအား ကွင်းဆင်း ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာအုပ်စု၊ ရဲဗြားကုန်းကျေးရွာရှိ ဦးတင်မြင့်၏ အသားတိုးဝက်မွေးမြူရေးခြံသို့ ရောက်ရှိပြီး ဦးစွာရှင်းလင်းဆောင်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် ဝက်မွေးမြူရေးခြံပိုင်ရှင်တို့က ဝက်မွေးမြူရေးဆိုင်ရာအချက်အလက်များ၊ ဝက်မွေးမြူထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အသားတိုးနှင့် မျိုးဝက်မွေးမြူရေးခြံများအတွင်း လှည့်လည်ကြည့်ရှုပြီး ပြည်နယ်ဝန်ကြီးချုပ်က မျိုးကောင်းမျိုးသန့်များကို ဒေသအတွင်း အခြားတစ်ပိုင်တစ်နိုင် မွေးမြူသူများအား မွေးမြူနိုင်ရေးအတွက် ကြိုးစားထုတ်လုပ်သွားကြရန်၊ မွေးမြူရေးလုပ်ကိုင်သူများအား မျိုးကောင်မျိုးသန့်ဝက်များ ဖြန့်ဖြူးနိုင်ရေးဝက်သားပေါက်များကို စဉ်ဆက်မပြတ် မွေးမြူထားရန်နှင့် အနံ့အသက်ဆိုးများ မထွက်ရှိစေရေးနှင့် ကူးစက်ရောဂါများ ကျရောက်မှုမရှိစေရေးတို့ကို အလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)