လဲချားမြို့တွင် အစိုးရသစ်ကာလ ရက် (၁၀၀) စီမံချက်ဖြင့် အသိပညာပေး ကွင်းဆင်းဆောင်ရွက်

လဲချား ဧပြီ ၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် အစိုးရသစ်ကာလ ရက် (၁၀၀) စီမံချက်ဖြင့် ဒေသဖွံ့ဖြိုးရေးအတွက် ကွင်းဆင်း၍ အသိပညာပေးခြင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က နားမန်းကျေးရွာအုပ်စုတွင် သွားရောက်ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနန်းတင့်က အသိပညာပေးဆွေးနွေးခြင်း၏ ရည်ရွယ်ချက်နှင့် နားမန်းကျေးရွာအုပ်စုဖွံ့ဖြိုးရေးအတွက် လိုအပ်သည်များ တင်ပြနိုင်ရေးအားလည်းကောင်း၊ လဝကဦးစီးမှူးမှ မှတ်ပုံတင်လုံးဝ မပြုလုပ်ရသေးသည့်သူများ၊ အသက် (၁၀) နှစ်ပြည့်ပြီးသူများ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားများဆောင်ရွက်ပေးသွားမည့် ကိစ္စရပ်များအားလည်းကောင်း၊ မြို့နယ်ဆရာဝန်ကြီးမှ မွေးစာရင်းမရရှိသေးသည့်သူများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အပတ်စဉ်နယ်လှည့်၍ ကျန်းမာရေးစောင့်ရှောက်ပေးသွားမည်ဖြစ်ကြောင်း၊ မွေးမြူရေးနှင့်ကုသရေးဉီးစီးဌာနမှ တိရိစ္ဆန်များ မွေးမြူရေးနှင့်ပတ်သက်၍ သိရှိလိုပါက ဆွေးနွေးပေးရန်နှင့် ရောဂါများကျရောက်ပါက လာရောက်ကုသပေးမည်ဖြစ်ကြောင်းအားလည်းကောင်း၊စိုက်ပျိုးရေးဦးစီးအရာရှိမှ လယ်ယာမြေစိုက်ပျိုးရေးနှင့် ပိုးမွှားအန္တရာယ်ကာကွယ်ရေးတို့အားလည်းကောင်း၊ သစ်တောဦးစီးအရာရှိမှ သစ်တောများမပြုန်းတီးရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်၍လည်းကောင်း၊ မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကာကွယ်ရေးကိစ္စရပ်များနှင့်ပတ်သက်၍လည်းကောင်း၊ပြန်/ဆက်ဦးစီးဌာနမှ ကျေးရွာစာကြည့်တိုက်ကိစ္စရပ်များနှင့်ပတ်သက်၍လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး ဒေသခံပြည်သူများ၏ တောင်းဆိုချက် မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဆွေးခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)