စစ်တွေ ဧပြီ ၂၄
ရခိုင်ပြည်နယ်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက် တာဝန်ပေးအပ်ပွဲနှင့် ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်တွေ့ဆုံပွဲကို ဧပြီလ ၂၃ ရက်နေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်း တက်ရောက်ကြသည်။
ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးက ရခိုင်ပြည်နယ်၏ ၂၀၂၆- ၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များကို ယနေ့အခမ်းအနားတွင် သက်ဆိုင်ရာဌာနများအား တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာနနှင့်အဖွဲ့အစည်းများသည် စီမံကိန်းရည်မှန်းချက်များကို အဆက်အစပ်မိမိ ပေါင်းစပ်ဖွဲ့စည်း အကောင်အထည်ဖော်ကြရမည်ဖြစ်ကြောင်း၊ ထုတ်လုပ်မှုမှသည် ပြည်တွင်းစားသုံးမှုဖူလုံရေး၊ ပြည်ပပို့ကုန်တိုးချဲ့ တင်ပို့နိုင်ရေး၊ ပြည်တွင်း၌ လိုအပ်သည့် ကုန်ကြမ်းများထုတ်လုပ်နိုင်ရေးအတွက် ရေးဆွဲပြီးဖြစ်သည့် စီမံကိန်းများနှင့် ချိတ်ဆက်ရေးဆွဲဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာနနှင့်အဖွဲ့အစည်းများသည် စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စီမံကိန်းများအား လေ့လာဆန်းစစ်၍ နိုင်ငံတော်၊ ဒေသနှင့်နိုင်ငံသားများ၏ အကျိုးစီးပွားအတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းများအား ဆက်လက်အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း၊ ဌာနနှင့်အဖွဲ့အစည်းများသည် ဒေသန္တရစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံတော်ကချမှတ်ထားသည့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက် များနှင့် အညီဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၊ ဒေသနှင့်နိုင်ငံသားများအတွက် လက်ငင်း၊ ရေတိုနှင့် ရေရှည်အကျိုးဖြစ်ထွန်းစေပြီး ထာဝရရှင်သန်စေမည့် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးရေးစီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှုကိုလည်း အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် မြေပြင်အခြေအနေအရ အရေးပေါ်ဆောင်ရွက်ရန် လိုအပ်သည့်ကိစ္စရပ်များ၊ မူလအခြေအနေအတိုင်း ဆောင်ရွက်ရန် အခက်အခဲရှိသည့်ကိစ္စရပ်များ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းကိစ္စရပ်များနှင့် လမ်းညွှန်ချက်အရ ဆောလျင်စွာ ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ခွင့်ပြုချက်ဖြင့်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ လုပ်ငန်းစီမံကိန်းများကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းနှင့်စည်းကမ်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များအား အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တည်ဆဲဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး၊ ပြည်သူ့ဘဏ္ဍာငွေများ အလေအလွင့်မရှိစေရေးတို့ကို အလေးထားကြပ်မတ်ဆောင်ရွက်ကြရန် လိုအပ်ကြောင်းပြောကြားသည်။
ဆက်လက်၍ပြည်နယ်ဝန်ကြီးချုပ်က စီမံကိန်းရည်မှန်းချက်တာဝန်များပေးအပ်ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများက လက်ခံရယူကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် အဆိုပါအစည်းအဝေးခန်းမ၌ ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်သည်။
တွေ့ဆုံပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးက စီမံကိန်းများရေးဆွဲရာတွင် လက်ငင်း၊ ရေတိုနှင့် ရေရှည် အကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းများ၊ သတ်မှတ်ထားသော အခွန်အခများအား စည်းကြပ်ကောက်ခံ ရရှိနိုင်ရေး၊ ပြည့်ပြည့်ဝဝကောက်ခံရရှိရေး၊ တောင်သူများအတွက် မိုးရာသီအချိန်မီ မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးနိုင်ရေး၊ ကျောင်းနေအရွယ်ကလေးငယ်များ ကျောင်းတက်ရောက်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရေးအတွက် လူငယ်နှင့်အားကစားကဏ္ဍမြှင့်တင်ရေးလုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်နိုင်ရေးနှင့် တနိုင်တပိုင် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး စသည့်ကဏ္ဍများအား ဆွေးနွေးပြောကြားခဲ့သည်။
နေ့လယ်ပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးသည် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းပေါ်ရှိ ကျောက်တန်း(၁)၊ ကျောက်တန်း(၂) ရေလှောင်တမံများ တည်ဆောက်နေမှုနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးက ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းပေါ်ရှိ ကျောက်တန်း(၁)၊ (၂) ရေလှောင်တမံများတည်ဆောက်မည့်နေရာတွင်ပါဝင်သည့် လယ်မြေ၊ ဥယျာဉ်မြေများအတွက် လျော်ကြေးနစ်နာကြေးပေးလျော်ခဲ့ပြီးဖြစ်၍ ရေလှောင်တမံစီမံကိန်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိနေပြီဖြစ်ကြောင်း၊ ကျောက်တန်း(၁)၊ ကျောက်တန်း(၂) ရေလှောင်တမံ တည်ဆောက်နေမှုနှင့်ပတ်သက်၍ ပြီးစီးနေမှုအခြေအနေများ၊ ဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများအား ဆွေးနွေးတင်ပြပေးကြရန် ပြောကြားသည်။
ထို့နောက် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး၊ ဦးသက်ထွန်းက ကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းပေါ်ရှိ ကျောက်တန်း (၁)၊ (၂) ရေလှောင်တမံများ တည်ဆောက်နေမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဘက်စုံသုံးဆိပ်ကမ်းသို့သွားရောက်၍ ရန်ကုန်မြို့မှ စစ်တွေမြို့သို့MV ရွှေဒေဝီသင်္ဘောဖြင့် ရောက်ရှိလာသော စိုက်ပျိုးရေရရှိရန်အသုံးပြုမည့် ဆိုလာများအား အတင်အချပြုလုပ်နေမှု၊ ဆန်နှင့် အခြေခံစားသောက်ကုန်များအား အတင်အချပြုလုပ်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ကမ်းနားလမ်း၌ ပြည်သူများ အပန်းဖြေအနားယူနိုင်ရန် မြေယာရှုခင်းများ ပြုလုပ်နေမှုအားလည်းကောင်း၊ ခဝါသည်ချောင်း ရေစီးရေလာကောင်း၍ သန့်ရှင်းစေရေး တူးဖော်ပြီးစီးနေမှုနှင့် ခဝါသည်ချောင်းအတွင်း ရေချိုသိုလှော်၍ စစ်တွေမြို့၊ စိမ်းလန်းစိုပြည်ရေးနှင့် နွေရာသီရေအခက်အခဲလျော့ချနိုင်ရေးဆောင်ရွက်နိုင်မည့်အခြေအနေများအား လှည့်လည် ကြည့်ရှုစစ်ဆေးကြရာ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ကြကြောင်း သိရသည်။
တင်ထွန်း (ပြန်/ဆက်)