လားရှိုး ဧပြီ ၂၄
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ခရိုင်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့မှ ၂၀၂၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် (၃၉) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်၊ ၂၉ ကြိမ်မြောက် ပန်းချီ၊ ကာတွန်းနှင့် ပိုစတာပြိုင်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေး အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ခရိုင်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ လားရှိုးခရိုင် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်းက အမှာစကားပြောကြားပြီး၊ ဒုတိယဥက္ကဋ္ဌ ခေတ္တခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးရဲဝင်းနှင့် တွဲဖက်အတွင်းရေးမှူး အမှတ် (၂၄) မူးယစ်တပ်ဖွဲ့စုမှူး ရဲမှူးကိုကိုနိုင်တို့က ပြိုင်ပွဲကျင်းပရန်အတွက် လုပ်ငန်းလိုအပ်ချက်များအား ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီအဖွဲ့ဝင်များက မိမိတို့နှင့်သက်ဆိုင်သည့် ကဏ္ဍအလိုက် လုပ်ငန်းလိုအပ်ချက်များအား ဆွေးနွေးတင်ပြခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းက လိုအပ်သည်များအား သက်ဆိုင်ရာဌာနများဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)