မိုင်းယောင်းမြို့၌ ပြည်သူ့စစ်မှုထမ်းနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မိုင်းယောင်း ဧပြီ ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အမှတ် (၉) ရပ်ကွက်၌ ယမန်နေ့က ပြည်သူ့စစ်မှုထမ်းနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက အမှာစကားပြောကြားသည်။ ထို့နောက် တက်ရောက်လာသူများက ပြည်သူ့စစ်မှုထမ်းအမှတ်စဉ် (၄) (၂၄/၂၀၂၆) သင်တန်းသားများ ပို့ဆောင်နိုင်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့ပြင် မြို့နယ်အုပ်ချုပ်ရေးမှူးသည် ဗလမင်းထင်ခန်းမ၌ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ကြီးကြပ်ကွပ်ကဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် မြို့နယ် Clean and Green လုပ်ငန်းများဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်ပြီး ဧပြီ ၂၇ ရက်တွင် ဖွင့်လှစ်မည့် ပလကဖ(မြို့ပေါ်လုံခြုံရေးတာဝန်) အဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်မွမ်းမံသင်တန်းအတွက် ကျပ် ၁၀ သိန်း ပေးအပ်ခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း