တောင်ကြီး ဧပြီ ၂၄
စိုက်ပျိုးရေးသည် နိုင်ငံတော်၏အဓိက ကုန်ထုတ်လုပ်မှုလုပ်ငန်းဖြစ်သည့်အတွက် စားနပ်ရိက္ခာဖူလုံရေး၊ အာဟာရပြည့်ဝရေး၊ တောင်သူများဝင်ငွေတိုးပွားရေးနှင့် နိုင်ငံတော်စီးပွားဖွံ့ဖြိုးတိုးတက်ရေးကိုရည်ရွယ်၍ ရှမ်းပြည်နယ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေသည် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက ကျောက်တလုံးကြီးမြို့၊ တွန်မုန်းဘုန်းတော်ကြီးကျောင်း၌ နွေစပါးစိုက်တောင်သူများအား စက်သုံးဆီရောင်းချပွဲအခမ်းအနားသို့ တက်ရောက်ကြောင်း သိရသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးနှင့်တာဝန်ရှိသူများသည် ကျောက်တလုံးကြီးမြို့၊ အသုံးတော်အုပ်စု၊ တွန်မုန်းဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမျှော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများဆပ်ကပ်လှူဒါန်းသည်။ ထို့နောက် နွေစပါးစိုက်တောင်သူများအား စက်သုံးဆီရောင်းချပွဲအခမ်းအနားကိုကျင်းပရာ ပြည်နယ်ဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ကျောက်တလုံးကြီးမြို့အနေဖြင့် နွေစပါး(၁၁၈၁)ဧက စိုက်ပျိုးပြီးဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ရက်ပေါင်း(၁၀၀)စီမံချက်အတွင်း ဦးစားပေးဆောင်ရွက်မည့်လုပ်ငန်းစီမံချက်များအနက် တောင်သူလယ်သမားများကို ချေးငွေနှုန်းထားတိုးမြှင့်ရေးစီမံချက်အနေဖြင့် ချေးငွေများတိုးမြှင့်ထုတ်ပေးမည်ဖြစ်ပါကြောင်း၊ စိုက်ဧကများအတွက်တစ်ဧကလျှင် ထွန်ယက်ဆီ(ဒီဇယ်) တစ်ဂါလံ(၁သောင်းကျပ်)နှုန်းဖြင့် တောင်သူများလက်ဝယ်အရောက် ဖြန့်ဖြူးရောင်းချပေးမည်ဖြစ်ပါကြောင်း ပြောကြားသည်။ ထို့နောက် ရှမ်းပြည်နယ်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးလင်အောင်ဆွေ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခွန်စောလွင်၊ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဆောင်းရွှေ၊ ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးချိုနိုင်ထွန်း၊ ရှမ်းပြည်နယ် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ကြီးကြပ်စစ်ဆေးရေး အရာရှိဦးမင်းမင်းတို့က နွေစပါးစိုက်တောင်သူများအား စက်သုံးဆီများ အသီးသီးရောင်းချပေးကြပြီး တက်ရောက်လာသောတောင်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးနှင့်တာဝန်ရှိသူများသည် နွေစပါးစိုက်တောင်သူများအား စက်သုံးဆီရောင်းချပေးနေမှုကိုကြည့်ရှုအားပေးပြီး ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် (V Fresh by Taunggyi farm)စိုက်ပျိုးရေးခြံသို့သွားရောက်၍ အောင်မြင်စွာဖြစ်ထွန်းလျက်ရှိသည့် သီးပင်စားပင်များ ကိုလှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူတစ်ဦးက စိုက်ပျိုးရေးခြံနှင့်ပက်သက်သည်များကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးကလိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ် ကျောက်တလုံးကြီးမြို့အတွင်း နွေစပါးစိုက်တောင်သူများအား စက်သုံးဆီရောင်းချပွဲတွင် စိုက်ဧကများအတွက် တစ်ဧကလျှင်ထွန်ယက်ဆီ (ဒီဇယ်) တစ်ဂါလံ(၁သောင်းကျပ်)နှုန်းဖြင့် တောင်သူများလက်ဝယ်အရောက် ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။
မင်းသန့်(ပြန်/ဆက်)