ကျောက်မဲ ဧပြီ ၂၄
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ အမှတ် (၁) ရပ်ကွက်၊ လွယ်ခွန်တောင်ရှိ သီဟိုဠ်ပရိယတ္တိစာသင်တိုက်တွင် ကိန်းဝပ်စံပယ်တော်မူသော သာသနာ ၂၅၀၀ ပြည့်အထိမ်းအမှတ် မဟာမြတ်မုနိ ဗုဒ္ဓရုပ်ပွားဆင်းတုတော်မြတ်ကြီး၏ ဂန္ဓကုဋိ ဘုံခုနှစ်ဆင့် ပြာသာဒ်ကျောင်းဆောင်တော်ကြီး၌ ရွှေထီးတော်သစ် တင်လှူပူဇော်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါကျောင်းတိုက်၌ ကျင်းပသည်။
အဆိုပါ ပြာသာဒ်တော်ကြီး၏ ယခင်ထီးတော်မှာ ၂၀၂၅ ခုနှစ် မေ ၂၈ ရက်တွင် မန္တလေးမြို့၌ ဖြစ်ပွားခဲ့သော ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သဖြင့် ယခုအခါ ရွှေထီးတော်သစ်ကို ပြန်လည်တင်လှူပူဇော်နိုင်ရန် စီစဉ်ဆောင်ရွက်ခြင်းဖြစ်သည်။
အစည်းအဝေးတွင် ထီးတော်သစ်ကို ဧပြီ ၂၅ ရက်၌ မန္တလေးမြို့မှ သွားရောက်ပင့်ဆောင်လာရေး၊ ဧပြီ ၂၇ ရက်တွင် ကျောက်မဲမြို့တွင်း လှည့်လည်အပူဇော်ခံရေးနှင့် မေ ၇ ရက်တွင် ထီးတော်တင်လှူပူဇော်ပွဲ အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ရေးတို့အတွက် လုပ်ငန်းကဏ္ဍအလိုက် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
အခမ်းအနားသို့ မြို့နယ်ဩဝါဒါစရိယ ဘဒ္ဒန္တသာဂရအမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်ဇော်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးညွှန့်ရွှေနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များနှင့် ကျောင်းအကျိုးတော်ဆောင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်