နမ့်စန်မြို့နယ်တွင် လူကုန်ကူးမှုကြိုတင်ကာကွယ်ရေးနှင့် ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

နမ့်စန်(တ) ဧပြီ ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း ၊နမ့်စန်ခရိုင် ၊နမ့်စန်မြို့နယ်တွင် လူကုန်ကူးမှုကြိုတင်ကာကွယ်ရေးနှင့် ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ  အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အမှတ် (၃) ရပ်ကွက်ရှိ မြို့လယ်ဓမ္မာရုံတွင်  ဆောင်ရွက်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင်  အမှတ်(၃) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ် (လွိုင်လင်မြို့) မှ ရဲအုပ်  ဝေဖြိုးမောင်က လူကုန်ကူးမှုပြဿနာနှင့် နောက်ခံသမိုင်းကြောင်း ၊ မြန်မာနိုင်ငံနှင့်လူကုန်ကူးမှုအခြေအနေ ၊ရွှေ့ပြောင်းသွားလာခြင်း ၊ လူမှောင်ခိုခြင်း ၊ လူကုန်ကူးခြင်း ၊ လူကုန်ကူးမှုကြိုတင်ကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ပြီး လွိုင်လင်ခရိုင် ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမျိုးမြင့်နိုင်က ယာဉ်လိုင်းများသတ်မှတ် စည်းကမ်း နှင့်အညီပြေးဆွဲရန်နှင့် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးဥပဒေများအား သိရှိလိုက်နာဆောင်ရွက်ကြရန်တို့ကို အသိပေးပြောကြားခဲ့ကာ အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ ပေးခဲ့ သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ နမ့်စန်မြို့ရှိ ခရီးသည်တင်ယာဉ်လိုင်းများမှ ဂိတ်မှူးနှင့် ယာဉ်မောင်းများ၊ ဆိုင်ကယ် Taxi ယာဉ်မောင်းများနှင့် ရပ်ကွက်နေ ပြည်သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

ငြိမ်းချမ်းအောင်(နမ့်စန်)