ရန်ကုန် ဧပြီ ၂၃
သန်လျင်ခရိုင် သန်လျင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝါဝါလင်း ဦးဆောင်၍ ဝန်ထမ်းများက ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ရေးအတွက် တိုင်ရင်းဆေးဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကွင်းဆင်းဆေးကုသပေးခြင်းကို ယနေ့ နံနက် (၁၀) နာရီအချိန်က သန်လျင်မြို့ရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးကုဌာန၊ ကွင်းဆင်းဆေးကုသရေးအဖွဲ့ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝါဝါလင်းက နွေရာသီတွင် အဖြစ်များသည့် ရောဂါများနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားပြီး ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ငှက်ဖျားရောဂါ၊ သွေးတိုးရောဂါ၊ ရာသီတုပ်ကွေး၊ ချောင်းဆိုးနှင့် အခြားရောဂါများအတွက် ဆေးများ (အခမဲ့) ပေးအပ်ခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါတိုင်ရင်းဆေးဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျောင်းသားမိဘများ၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ