သင်္ဃန်းကျွန်းခရိုင်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဟောပြောခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် လက်တွေ့မီးငြိမ်းသတ်ခြင်းများ ဆောင်ရွက်

သင်္ဃန်းကျွန်း ဧပြီ ၂၃

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် သင်္ဃန်းကျွန်းခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းကိုကို ဦးဆောင်ကာ အထပ်မြင့်အဆောက်အဦများတွင် မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက မည်သို့ကာကွယ်ရမည်၊ ရှောင်ရှားရမည် စသည်တို့အား သင်္ဃန်းကျွန်းခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကိုကိုကြီးက တက်ရောက်လာသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများအားယနေ့နံနက် ၁၀ နာရီအချိန် ရှင်းလင်းဟောပြောခဲ့သည်။

ထို့နောက် သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့ဝင်များက အထပ်မြင့်အဆောက်အဦများတွင် မီးဘေးအန္တရာယ်ကျရောက်လာပါက ကယ်ဆယ်ရေး၊ မီးငြိမ်းသတ်ရေး၊ ပြည်သူများအား မီးလွတ်ရာသို့ ပိုဆောင်ရေး၊ မီးငြိမ်းသတ်ရေးလက်တွေ့သရုပ်ပြခြင်း စသည်တို့အား တက်ရောက်လာသူများနှင့် လက်တွေ့ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခဲ့ကြသည်။

လက်တွေ့မီးငြိမ်းသတ်ခြင်း ဇာတ်တိုက်လေ့ကျင့်ခြင်း (Fire Drill) လေ့ကျင့်ခြင်း အခမ်းအနားသို့ သင်္ဃန်းကျွန်းခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းကိုကို၊ ခရိုင်အဆင့်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများ၊ ပြည်သူများ စုစုပေါင်း ၃၀၀ ဦး တက်ရောက်ကြကြောင်း သိရသည်။

ဇော်မိုး