မိုင်းနောင်မြို့တွင် တပ်နယ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့တို့မှ  ကျန်းမာရေးစောင့်ရှောက်ရေးလုပ်ငန်းများ ပုံမှန်ကွင်းဆင်းဆောင်ရွက်လျက်ရှိ

မိုင်းနောင် ဧပြီ ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းနောင်မြို့ နမ့်ခုံးရှမ်းများပရဟိတအသင်းရုံးကုသိုလ်ဖြစ်ဆေးခန်းတွင် မိုင်းနောင်တပ်နယ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့တို့မှ ကျန်းမာရေးစောင့်ရှောက်ရေးလုပ်ငန်းများကို လစဥ် ပုံမှန်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၁၀) နာရီအချိန်တွင် သက်ကြီးဖိုးဖွားများအား ကျန်းမာရေးစစ်ဆေးစောင့်ရှောက်ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ရှေးဦးစွာ မိုင်းနောင်တပ်နယ်မှူးက ကုသိုလ်ဖြစ် ဆေးခန်းတွင် လစဥ်လာရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုများခံယူနေသော မြို့ပေါ်(၅)ရပ်ကွက် မှ သက်ကြီးဖွားများနှင့် ရင်းရင်းနှီးနှီးနှုတ်ဆက်ဂါရဝ စကားပြောကြားပြီး သက်ကြီးဖိုးဖွားများအတွက် အာဟာရဓာတ်စာ ခေါက်ဆွဲခြောက်နှင့် ကြက်ဥ များကို ပေးအပ်ထောက်ပံ့ကာ နမ့်ခုံးရှမ်းများပရဟိတ အသင်းရုံး ကုသိုလ်ဖြစ်ဆေးခန်းတွင်လိုအပ်သည်များ အသုံးပြုရန်အတွက် အလှူငွေများ ပေးအပ်ထောက်ပံ့ ခဲ့ကြောင်းသိရှိရသည်။

မိုင်းနောင် တပ်နယ်၊နယ်လှည့်ဆေးကုသရေးအဖွဲ့နှင့်အတူ တိုက်နယ်ပြည်သူ့ဆေးရုံမှ ဒေါက်တာ ဝေယံစိုးနှင့် သူနာပြုဆရာမများ၊ နမ့်ခုံးရှမ်းများပရဟိတ အသင်းဝင်များသည် သက်ကြီးဖိုးဖွား(၁၅၀)ဦးအား ကျန်းမာရေးစစ်ဆေးခြင်း၊သွေးတိုး၊နှလုံးရောဂါများနှင့် အခြားရောဂါများရှိ/မရှိစစ်ဆေးခြင်း၊ရောဂါ ဝေဒနါများခံစားရပါက လိုအပ်သည့်ကုသမှုများ ပူးပေါင်းဆောင်ရွက်ပေးကြောင်း သိရှိရသည်။

မနန်း(မိုင်းနောင်)