သန်လျင်မြို့နယ် ဘုရားကုန်းကျေးရွာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ သောက်၊ သုံးရေ ဂါလံ (၁၆၀၀) လှူဒါန်း

ရန်ကုန် ဧပြီ ၂၃

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သန်လျင်မြို့နယ် မီးသတ်ဦးစီးဌာနမှ သောက်သုံးရေရှားပါးလျက်ရှိသော မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ ဘာသာရေးကျောင်းများ၊ ကျေးရွာအုပ်စုများသို့ သောက်သုံးရေများ လှူဒါန်းလျက်ရှိရာ ယမန်နေ့ ညနေပိုင်းက ဘုရားကုန်းကျေးရွာအုပ်စုရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ သောက်သုံးရေ (၁၆၀၀) ဂါလံလှူဒါန်းခဲ့ကြသည်။

ထိုသို့ လှူဒါန်းရာတွင် မြို့နယ်လက်ထောက်ဦးစီးမှူး ဦးစည်သူဝင်းမောင်ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များသည် ရေသယ်ယာဉ်တစ်စီးဖြင့် သွားရောက်လှူဒါန်းခဲ့ကြသည်။

သန်လျင်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပေးနှိုးဆော်ခြင်း/ သရုပ်ပြခြင်း၊ မီးလောင်မှုမီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် လိုက်လံစစ်ဆေးခြင်း၊ ရေရှားပါးသည် ကျေးရွာများသို့ ရေလှူဒါန်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖြိုးသီဟ