ကျောက်မဲ ဧပြီ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် အစိုးရသစ်၏ ရက်(၁၀၀) စီမံချက်အရ အသက် (၁၀) နှစ်နှင့် (၁၈) နှစ်ပြည့်ပြီးသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ် ပေးခြင်းကို ယနေ့နံနက် ၉ နာရီက အမှတ်(၇) ရပ်ကွက်၊ ဥတ္တရဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ် ဦးစီးအရာရှိ ဦးမင်းသူနှင့် ဝန်ထမ်းများက ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်အတူ မြေပြင်အရောက်ကွင်းဆင်း၍ နိုင်ငံသားကတ်အသစ်ပြုလုပ်သူများကို လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ထုတ်ပေးခြင်းနှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းများ ဆောင်ရွက်သည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်မှုများကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်ဇော်၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး ပြည်သူများထံ နိုင်ငံသားကတ်ပြားများ လက်ဝယ်အရောက် ပေးအပ်သည်။
ကျောက်မဲမြို့နယ်အတွင်းရှိ အခြားရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင်လည်း နိုင်ငံသားကတ်ထုတ်ပေးခြင်း၊ အိမ်ထောင်စုစာရင်းနှင့် e-ID စနစ်ဖြင့် Unique ID နံပါတ်ထုတ်ပေးခြင်းနှင့် ဟောင်းနွမ်းကတ်များ လဲလှယ်ပေးခြင်းတို့ကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)