ရပ်စောက် ဧပြီ ၂၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် (၄၁)ကြိမ်မြောက် အသံမစဲအဘိဓမ္မာဒေသနာတော်(၇)ကျမ်းပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နေ့လည် ၁၂ နာရီက မြို့နယ်စန္ဒကူးဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပင့်ဖိတ်၍ကြွရောက်လာကြသည့် ဆရာတော်သံဃာတော်များနှင့် တပည့်ဒါယကာ၊ ဒါယိကာမအပေါင်းတို့က မနမောတသသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားအားဖွင့်လှစ်ခဲ့ကြသည်။ ထို့နောက်ကြွရောက်လာကြသော ဆရာတော်တို့က ရောင်ခြည်တော်ဖွင့်ဂါထာတော်ဖြင့် မြတ်စွာဘုရားအား ပင့်လျှောက်ခြင်း အစီအစဉ်ဆောင်ရွက်ခဲ့ကြသည်။ ဆက်လက်၍ စန္ဒကူးဆရာတော်မှ တပည့်ဒါယကာ၊ ဒါယိကာမတို့အား ငါးပါးသီလချီးမြှင့်၍ကြွရောက်တော်မူလာကြသည့် သံဃာတော်အရှင့်သူမြတ်တို့က မေတ္တာသုတ်ချီးမြှင့်ပေးခဲ့ကြသည်။ ၎င်းနောက် ဓမ္မာစင်္ကြာဝတ်အသင်းသူများက ပဋ္ဌာန်းရှစ်လုံးဖွဲ့ကဗျာများဖြင့်ရွတ်ဆိုပူဇော်ခဲ့ကာ သမ္မာဒေဝနတ်ဗြဟ္မာများအား အဘိဓမ္မာ(၇)ကျမ်းရွတ်ဖတ်ပူဇော်ပွဲသို့ဖိတ်ကြားခြင်း အစီမအစဉ်ဆောင်ရွက်ပြီး ဆရာတော်သံဃာတော်များ၏ဦးဆောင်မှုဖြင့် ဧည့်ပရိတ်သတ်အပေါင်းတို့က ပဌာန်း ၂၄ ပစ္စည်း ပါဠိတော်ကို သံပြိုင်ရွတ်ဆို၍အလှည့်ကျ ဘာဏကဆရာတော်မှ အဘိဓမ္မာတရားတော်များကိုဆက်လက်ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်ပြန်/ဆက်