ကျိုင်းတုံ ဧပြီ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မူလတန်းပြ ဆရာ/ဆရာမများ အင်္ဂလိပ်စာအရည်အသွေးမြှင့်(Main Course)သင်တန်းဖွင့်ပွဲကို ယမန်နေ့က ကျိုင်းတုံတက္ကသိုလ်၊ ခေမာရဋ္ဌ်ခန်းမတွင် ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ကျိုင်းတုံတက္ကသိုလ်ခေတ္တပါမောက္ခချုပ် ဒေါက်တာဖြူဖြူမြင့်နှင့် ပြည်နယ်ပညာရေးမှူး ဒေါ်နော်ရုသ်တို့က အဖွင့်အမှာစကားနှင့် သင်တန်းဖွင့်လှစ်ရသည့်ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ကျိုင်းတုံတက္ကသိုလ် အင်္ဂလိပ်စာဌာနမှူးက သင်ကြားပေးမည့် အင်္ဂလိပ်စာဘာသာရပ်ဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အဆိုပါ အင်္ဂလိပ်စာအရည်အသွေးမြှင့်သင်တန်းသို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ မြို့နယ်များမှ မူလတန်းပြ ဆရာ၊ ဆရာမ ၂၀၀ ဦး တက်ရောက်ပြီး အင်္ဂလိပ်စာ ဘာသာရပ်ဆိုင်ရာ အရေး၊ အပြော၊ အဖတ်နှင့် နားထောင်ခြင်း(4 Skills) ပိုမိုကျွမ်းကျင်လာစေရန်နှင့် သင်ကြားမှုအရည်အသွေးမြင့်မားလာစေရန် ဧပြီ ၂၀ ရက်မှ မေ ၂၂ ရက်အထိ ကျွမ်းကျင်နည်းပြဆရာ၊ ဆရာမများက သင်ကြားပို့ချဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)