ညောင်ဦးမြို့နယ် ပုဂံဘူတာအနီး မီးလောင်မှုဖြစ်ပွား၍ လူနေအိမ်နှစ်လုံးမီးလောင်ဆုံးရှုံး

ညောင်ဦး  ဇန်နဝါရီ  ၁၅

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အရှေ့တောင်ဘက် ၃ မိုင် ၂ဖာလုံခန့် အကွာ ပုဂံဘူတာအနီးတွင် ယမန်နေ့ ညနေပိုင်း ၄ နာရီ ၄၇ မိနစ်အချိန်ခန့်က မီးလောင်မှု ဖြစ်ပွား ခဲ့ကြောင်း ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ် မီးသတ် ဦးစီးမှူး ဦးကျော်မင်းသူထံက သိရသည်။

အဆိုပါ မီးလောင်မှုသတင်းရလျင်ရခြင်း ညောင်ဦးခရိုင်မီးသတ်တပ်ဖွဲ့မှ ခရိုင်မီး သတ်ဦးစီးမှူး ဦးထက်အောင် ဦးဆောင် သော မီးသတ်တပ်ဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်မင်းသူ ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင် များသည် အုပ်ချုပ်မှု ယာဉ်တစ်စီး၊ မီးငြိမ်းသတ်ယာဉ် (၄)စီး၊ ရေသယ် အထောက်အကူ ပြု ယာဉ် (၂)စီးတို့ဖြင့် သွားရောက်မီးငြိမ်းသတ်ခဲ့ကြောင်း သိရသည်။ မီးစတင် လောင်ကျွမ်း ချိန်သည် ညနေပိုင်း ၄နာရီ ၄၀ မိနစ်အချိန်တွင် စတင်လောင် ကျွမ်းခဲ့ခြင်းဖြစ်ပြီး ပိုင်ရှင် ဦးပိုက်ထွေး၏ သွပ်မိုး၊ ဝါးထရံကာ၊ ဝါးကြမ်းခင်းလူနေ (၂၀ပေx၃၀ပေ)ခန့်ရှိ အိမ်နှင့် ဦးနိုင်လင်း၏ (၂၀ပေx ၃၀ပေ)ခန့်ရှိ သွပ်မိုး၊ ဝါးထရံကာ၊ ဝါးကြမ်းခင်း လူနေအိမ်တို့မီးလောင်နေသဖြင့်  ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် အမှတ်-၁၊ အမှတ်-၄၊ အမှတ်-၅၊ မြင်းကပါ/ ပုဂံ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ ရေဂါလံ ၂၄၀၀ခန့်အသုံးပြု၍ ဝိုင်းဝန်းငြိမ်းသတ်ကြရာ  ၅ နာရီအချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ၅နာရီ၅မိနစ်အချိန်တွင် မီးလုံးဝ ငြိမ်းသွားခဲ့ကြောင်း ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ ထံမှ သိရသည်။

ဖြစ်စဉ်မှာ ကုန်းတန်းကြီးကျေးရွာအုပ်စု၊ ကျောက်စစ်ကန်ကျေးရွာအနီး မီးရထားဘူတာ ဝန်ထမ်းနေအိမ်နေသူ ဦးပိုက်ထွေး (၂၀ပေx၃၀ပေ)ရှိ သွပ်မိုး၊ ဝါးထရံကာ၊ ဝါးကြမ်းခင်းနေအိမ်ခေါင်းရင်းတွင် Extension  ကြိုးခွေဖြင့် သွယ်တန်း၍ နေ့/ည အမြဲဖွင့်လှစ်ထားသော လျှပ်စစ်မီးလုံးသို့ သွယ်တန်းထားသော ဝါယာကြိုး အပူ လွန်ကဲရာမှတဆင့် ရေနံချေးသုတ်ထားသော ဝါးထရံသို့ စတင်လောင်ကျွမ်း ကူးစက်ခဲ့ခြင်းဖြစ်ပြီး ၄င်းနေအိမ်မှတဆင့် ဘေးဘက် ၆ ပေ ခန့် အကွာတွင်ရှိသော ပိုင်ရှင် ဦးနိုင်လင်း၊ ကျဘမ်းလုပ်သား၏ (၂၀ပေx၃၀ပေ)ရှိ သွပ်မိုး၊ ဝါးထရံကာ၊ ဝါးကြမ်းခင်းနေအိမ်သို့ ဆက်လက်ကူးစက်လောင်ကျွမ်းခဲ့ရာ လူနေအိမ် ၂ လုံး နှင့် ဦးနိုင်လင်း၏နေအိမ်အတွင်းရှိ ဆိုင်ကယ်အပျက် ၂ စီး၊ CZI အမျိုးအစား ဆိုင်ကယ် ၁ စီး၊ အပ်ချုပ်စက် ၁ လုံး တို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်းသိရပြီး လူနှင့် တိရစ္ဆာန်များ ထိခိုက်ဆုံးရှုံးခြင်းမရှိကြောင်းသိရသည်။

အဆိုပါမီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍  ပေါ့ဆမှုကြောင့် မီးလောင်မှုဖြစ်စေခဲ့သူ ပိုင်ရှင် ဦးပိုက်ထွေး အား ညောင်ဦး မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ကိုထိန်၊KPD