မိုင်းဆတ်မြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

 မိုင်းဆတ် ဧပြီ ၂၂

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား လွှတ်တော်ကိုယ်စားလှယ်များနှင့် ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီထွေး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမိုးဇော်ဦးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းခတ္တိယတို့က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး အမှာစကားပြောပြီး ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုနှင့် ပြည်နယ်ခွင့်ပြုရန်ပုံငွေများဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မည့် အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။

ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်မည့်အခြေအနေတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)