ညောင်ဦး ဧပြီ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်တို့တွင် ယမန်နေ့ ညနေ ၅ နာရီအချိန်ခန့်ကစတင်၍ လေပြင်းတိုက်ခတ်မှုကြောင့် ထနောင်း ပင်ကြီးများလဲကျကာ ကားလမ်းများပိတ်ဆို့လဲကျနေခြင်း၊ လူနေအိမ်ပေါ်သို့ လဲကျပိနေခြင်းများကြောင့် ညောင်ဦးခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတလူမှုကူညီရေးအသင်းများ ရှင်းလင်းခဲ့ကြောင်း သိရသည်။
ထိုသို့ ထနောင်းပင်များ ကားလမ်းနှင့်လူနေအိမ်များ ပေါ်လဲကျနေခြင်းအား ညောင်ဦးခရိုင် မီးသတ်စခန်းမှ ခရိုင်မီးသတ်ဦးစီးမှူး ဦးမင်းသိမ်းထွန်း၊ဦးဆောင်၍ တပ်ဖွဲ့ဝင်(၅)ဦး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ ညောင်ဦးမြို့နယ်မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးရဲမင်း ထွန်း၊ဦးဆောင်၍ တပ်ဖွဲ့ဝင်(၆)ဦး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ အမှတ်(၅)အရန် မီးသတ်တပ်ဖွဲ့မှ အရန်မီးသတ်(၅)ဦး၊ လူမှုကူညီရေးယာဉ်(၁)စီး၊ မြင်းကပါအရန်မီးသတ် တပ်ဖွဲ့ဝင်(၂)ဦး၊ ဝံသာနရက္ခတအသင်းသား(၄)ဦးဖြင့် အခင်းဖြစ်ရပ်နေရာများသို့ ထွက်ခွာရှင်းလင်းခဲ့ရာ ဖြစ်စဉ်များမှာ အောက်ပါအတိုင်းဖြစ်–ညောင်ဦးမြို့၊ အမှတ်(၇)ရပ်ကွက်၊ဝက်ကြီးအင်းရပ်၊ ရွှေလိပ်တူးဘုရားအနီး ညောင်ဦး-တောင်ဘီကျေးရွာသွား ကားလမ်းမပေါ်တွင် ပင်စည်လုံးပတ်(၁)ပေခွဲခန့်၊ အမြင့်(၂၀)ပေခန့်၊ သက်တမ်း(၂၅)နှစ်ခန့် ထနောင်းပင်သည် လေတိုက်ခတ်မှုကြောင့် အမြစ်မှလန်၍ လမ်းမပေါ်တွင် ပိတ်မိနေခြင်းအား ရှင်းလင်းခြင်း၊ ညောင်ဦးမြို့၊ အမှတ်(၅)ရပ်ကွက်၊ စည်ပင်သာယာရပ်၊ ရွှေစည်းခုံဘုရားတောင်ဘက် စောင်းတန်းထိပ်အနီးတွင် ပင်စည်လုံးပတ်(၂)ပေခွဲခန့်၊ အမြင့်(၃၀)ပေခန့်၊ သက်တမ်း (၃၅)နှစ်ခန့် ထနောင်းပင်သည် လေတိုက်ခတ်မှုကြောင့် အမြစ်မှလန်၍ လဲနေခြင်းအား ရှင်းလင်းခြင်း၊ ညောင်ဦးမြို့၊ အမှတ်(၅)ရပ်၊ သိကြားရပ်တွင် ဦးရဲသူရထွန်း (အဖ) ဦးဆန်းထွန်း(သ) ၃၃နှစ်၊ မပတ၉/ညဥန(နိုင်)၂၂၃၃၇၀ ကိုင်ဆောင်သူ၏ (၁၀)ပေပတ် လည်သွပ်မိုး၊ ထရံကာ မြေစိုက်လူနေအိမ်အပေါ်သို့ ပင်စည်လုံးပတ်(၃)ပေခန့်၊ အမြင့်(၄၀) ပေခန့်၊ နှစ်သက်တမ်း (၄၀)နှစ်ခန့် ထနောင်းပင်သည် လေတိုက်ခတ်မှုကြောင့် အမြစ်မှလန်၍ လူနေအိမ်ပေါ်သို့ ပိမိနေခြင်းအား ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ည ၉ နာရီခန့်တွင် လိမ်းပိတ်ဆို့လဲကျနေမှု၊ လူနေအိမ်ပိနေမှုများအား ရှင်းလင်းပြီးစီးခဲ့ကြောင်း သိရသည်။
ဒီပါလင်း