ကော့မှူး ဧပြီ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့ည ၈ နာရီက မြို့မဈေးကြီး၌ ဈေးပိတ်ချိန်အတွင်း မီးကြွင်းမီးကျန်များကျန်ရှိမှုမရှိစေရေး စစ်ဆေးခြင်းနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။
ထိုသို့ လိုက်လံစစ်ဆေးရာတွင် ပြည်တော်သာရပ်ကွက်ရှိ မြို့မစျေးအား စျေးပိတ်ချိန်တွင် မီးကြွင်းမီးကျန်များ ကျန်ရှိမှုမရှိစေရေး၊ လုံခြုရေးမီးလိုင်းမှ အပမလိုအပ်သော လျှပ်စစ်မီးလိုင်းများ ပိတ်ထားစေရေး၊ စျေးလုံခြုံရေးအတွက် မီးကင်းများစနစ်တကျ ချထားစေရေးနှင့် အခြားသောမီးဘေးလုံခြုံရေးကိစ္စရပ်များအား မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးပြည့်ဖြိုးအောင်နှင့် သန္ဓေ (၇) ဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ SAE ဦးပြည့်ဖုန်းဝင်း၊ စျေးတာဝန်ခံ ဦးအေးသွင်နှင့် စျေးလုံခြုံရေးအဖွဲ့များဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ပါကြောင်း သိရသည်။ ဆက်လက်၍ မြို့ပေါ်ရပ်ကွက်များအတွင်း မီးအန္တရာယ်ကင်းဝေးစေရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)